Print
News and Activities
Hits: 2614

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ (ဇွန်လ ၁၅ ရက်၊ ၂၀၁၉ခုနှစ်)
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၁၅ ရက် နံနက် (၉) နာရီမှ နေ့လယ်ပိုင်း (၁၂) နာရီခွဲအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။


၎င်းရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) ကျန်းမာရေးမှူးများ စည်းလုံးညီညွှတ်မှု ရရှိစေရေး၊ (၂) မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးမှူးများ သိရှိစေရန်၊ (၃) မြို့နယ်များမှ ကျန်းမာရေးမှူးများ၏ အကြုံပြုဆွေးနွေးချက်များ ရရှိစေရန် တို့ဖြစ်ပြီး ရှင်းလင်းဆွေးနွေးပွဲသို့ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှ မြို့နယ်၊ အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲ မြို့နယ် စသည့် မြို့နယ် (၆)ခုမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးကြီးကြပ်များ စုစုပေါင်း (၄၉) ဦးတက်ရောက်ခဲ့ကြသည်။


ရှင်းလင်းဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးသန်းထွန်းအောင်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများ၊ အသင်းမှ ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများနှင့် ဘဏ္ဍာရေးအခြေအနေများ၊ ကျန်းမာရေးမှူးအသင်းက ကြီးမှူးကျင်းပခဲ့သော “ကျန်းမာရေးမှူးများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” မှ ရလာဒ်များ၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း၏ တွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်ရလဒ်များ အား အသိပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ကြသည့် ကျန်းမာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်များက သိလိုသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မကွေးတိုင်းဒေသကြီး ဥက္ကဌ ဦးသန်းထွန်းအောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးမှူးများကို ကိုယ်စားပြု၍ စနစ်တကျဖွဲ့စည်း ထားသောအသင်းဖြစ်ပြီး ညီလာခံခေါ်ယူ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို (၂) နှစ်တစ်ကြိမ် ရွေချယ်တင်မြှောက်သည်။


ကျန်းမာရေးမှူးများသည် ၁၉၅၃ ခုနှစ်တွင် စတင်ပေါ်ပေါက်လာပြီးပြည် သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေခဲ့သော်လည်း ယခုနှစ်ပေါင်း ၆၀ ကျော်အထိဖွံ့ဖြိုးတိုးတက်ခွင့် အခွင့်အလမ်းများနည်းပါးနေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းသည် နိုင်ငံ တကာအဖွဲ့အစည်းများ၊ အလှူရှင်များဖြင့်ပူးပေါင်းပြီး ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀) ခုရှိ မြို့နယ် (၈၆)ခုတွင် လုပ်ကိုင်လျှက်ရှိသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း