Print
News and Activities
Hits: 3050

ကရင်ပြည်နယ် (ဇူလိုင်လ ၉ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။


ဖာပွန်ခရိုင်ရှိ လွှမ်းခြုံရပ်ကွက်များနှင့် ကျေးရွာပေါင်း (၆၄) ရွာရှိ ကလေးဦးရေ (၁၈၂၇၅) ဦးကို ဇူလိုင်လ (၇) ရက်မှ (၉) ရက်အထိ အိမ်တိုင်ရာရောက် ပထမအကြိမ် ပိုလီယိုကာကွယ်ဆေးလိုက်လံတိုက်ကျွေးမှု အစီအစဉ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ဖာပွန်ခရိုင်ရှိ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးမှု အစီအစဉ်များတွင်လည်း ဆက်လက် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် (၂၀၁၄)ခုနှစ်၌ ပိုလီယိုကင်းစင်ကြောင်း ကြေငြာပြီးသည့်နောက်ပိုင်း ပြီးခဲ့သည့်လ (၂၀၁၉ ခုနှစ်) ဇွန်လ (၂၃) ရက်က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် နေထိုင်သူကလေးတစ်ဦး၌ အသွင်ပြောင်း ပိုလီယို ကူးစက်မှု တွေ့ရှိခဲ့သည်။ ထိုသို့ တွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေများ သည့် နေရာ ဒေသများဖြစ်သော မြို့နယ် ၁၂ မြို့နယ်တွင် အသွင်းပြောင်းပိုလီယိုပိုးကူးစက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်၍ ပိုလီယိုအပိုဆောင်းတိုက်ကျွေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။


ထို့ကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အပြင် ဖာပွန်မြို့နယ်နှင့် နယ်မြေထိစပ်လျှက်ရှိပြီး ကာကွယ်ဆေးထိုး လွှမ်းခြုံမှုနည်းသော ကရင်ပြည်နယ်မှ အခြား (၆)မြို့နယ်၊ မွန်ပြည်နယ်မှ ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ် စုစုပေါင်း (၁၂) မြို့နယ်၌ ရည်မှန်းကလေး (၃)သိန်းခန့်ကို ရှာဖွေ၍ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်သည်။ အသွင်ပြောင်းပိုလီယိုပိုးတွေ့ရှိခဲ့သည့် ဖာပွန်မြို့နယ်တွင် မွေးစမှ (၁၅)နှစ်အောက်အထိ ကလေးများကို တိုက်ကျွေးသွားမည်ဖြစ်ပြီး အခြား ၁၁ မြို့နယ်တွင် မွေးစမှ (၅) နှစ်အောက် ကလေးများကို တိုက်ကျွေးသွားမည်ဖြစ်သည်။


ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးဖူးသည်ဖြစ်စေ၊ မတိုက်ကျွေးဖူးသည်ဖြစ်စေ ရည်မှန်းကလေးများအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ဇူလိုင်လ (၇) ရက်မှ (၉)ရက်အထိ တစ်ကြိမ်၊ ဇူလိုင်လ (၂၁) ရက်မှ (၂၃) ရက်အထိ တစ်ကြိမ်၊ သြဂတ်လ (၄) ရက်မှ (၆) ရက်အထိ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်အရသိရသည်။


ပိုလီယို အကြောသေ ရောဂါသည် လျင်မြန်စွာ ကူးစက်တက်သော ရောဂါဖြစ်ပြီး ရာသက်ပန် မသန်စွမ်းဘဝကို ဖြစ်စေခြင်းကြောင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထားခြင်းအားဖြင့် ပိုလီယိုဖြစ်ပွားမှုကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း