ပုသိမ်မြို့ (ဇူလိုင်လ ၁၇ ရက်၊ ၂၀၁၉ ခုနှစ်)


ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လေးလပတ်နှင့် မြို့နယ်စုံညီအစည်းအဝေးကို ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၁၇) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။


၎င်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌ နှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဧရာဝတီတိုင်းဒေသကြီး) ဥက္ကဌ နှင့် ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်အလိုက် ကိုယ်စားလှယ်များ စုစုပေါင်း (၈၃) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။


တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား ကျေးဇူးတင်စကားပြော


အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက “မြန်မာနိုင်ငံကျန်းမျာရေးမှူးအသင်းနဲ့ အသင်းဝင်တွေရော၊ စံမံချက်ဝန်ထမ်းတွေပါ အရေးပေါ်အခြေအနေတွေ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာပါ လိုအပ်သလို အကူအညီပေးလေ့ရှိပါတယ်။ အခုလိုမျိုး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ပါဝင်ကြတဲ့ အတွက် ဆရာတို့ ကျန်းမာရေးမှူးအသင်းကို ကျေးဇူးတင်ပါတယ်။ “ ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနအား ကူညီပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)၏ လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များကို ဥက္ကဌ ဦးမျိုးသွင်မှလည်းကောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များကို ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ လည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဧရာဝတီတိုင်းဒေသကြီး)၏ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးဥက္ကဌ ဦးကျော်တင်မှ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။


အသင်းဝင် ကျန်းမာရေးမှူးများရဲ့ capacity (လုပ်ငန်းစွမ်းဆောင်ရည်) များကို မြှင့်တင်ပြီး ပြည်သူလူထုအကျိုးဆောင်ရွက်ရန် ဥက္ကဋ္ဌပြော


အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်မှ အမှာစကားပြောကြားရာတွင် ကျန်းမာရေးမှူးအသင်းအနေဖြင့် အသင်းဝင်ကျန်းမာရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပြုလုပ်ပေးရန် ပြောကြားခဲ့သည်။

 

“ အသင်းဝင်တွေရဲ့ capacity (လုပ်ငန်းစွမ်းဆောင်ရည်) ကို မြှင့်တင်ဖို့ လိုပါတယ်။ အသင်းဝင်ဖြစ်တဲ့ စီမံချက်ဝန်ထမ်းများ၊ ကျန်းမာရေးမှူးများရဲ့ အရည်အသွေးကို မြှင့်တင်ခြင်းဟာ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူကြတဲ့ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” ၎င်းက ပြောကြားခဲ့သည်။


တိုင်းဒေသကြီး ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ဖွဲ့စည်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအုပ်စုဖွဲ့ဆွေးနွေး


အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဧရာဝတီတိုင်းဒေသကြီး) ရွေးချယ်တင်မြှောက်ပွဲကော်မရှင် ဖွဲ့စည်းအတည်ပြုခဲ့ကြပြီး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အုပ်စုဖွဲ့၍ အုပ်စုအလိုက် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေး /မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း