ရွှေကူ (ဇူလိုင်လ ၃၀ရက်၊ ၂၀၁၉ခုနှစ်)


ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူး‌ပေါင်း၍ AEI (Accountability, Equity and Inclusion) ဆိုင်ရာ သင်တန်းကို ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် (၂၀၁၉ ခုနှစ်) ဇူလိုင်လ ၂၇ ရက် နှင့် ၂၈ ရက်နေ့တွင်တစ်ကြိမ်၊ ဇူလိုင်လ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ပြုလုပ်ကျင်းပခဲ့ပါသည်။


သင်တန်း၏ ရည်ရွယ်ချက်မှာ တာဝန်ယူခြင်း တာဝန်ခံခြင်း၊ သာတူညီမျှမှုရှိခြင်းနှင့် အားလုံးပူးပေါင်းပါဝင်စေခြင်း ဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်နှင့် ယင်းသဘောတရားများကို ကျန်းမာရေးဝန်‌ဆောင်မှုများ ဆောင်ရွက်ရာတွင် အသုံးချနိုင်ရန်၊ လူထုအသံနားထောင်ခြင်း၊ ပဋိပက္ခဆိုင်ရာ အကင်းပါးမှုနှင့် ကို အသုံးပြု၍ ပဋိပက္ခဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းပြမြေပုံရေးဆွဲနိုင်စေရန် ဖြစ်သည်။


ယခုသင်တန်းကို ကျန်းမာရေး‌စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၉၀)ဦးကို နှစ်ဖွဲ့ခွဲ၍ သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ AEI Officer ‌ဒေါက်တာမေဖြူစင်ဦးမှ စာတွေ့လက်တွေ့ သင်တန်းပို့ချ ပေးခဲ့ခြင်းဖြစ်သည်။

အခြေခံကျန်းမာရေးဝန်ထမ်းများ AEI သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂၈ ရက်တွင် တစ်ကြိမ်၊ ဇူလိုင်လ ၃၀ ရက်တွင် တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနား၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ‌‌ဒေါက်တာစိုင်းထွန်းက အမှာစကားပြောကြားရာတွင် သင်တန်းမှ ရရှိခဲ့သော အသိပညာများဖြင့် ကျေးရွာလူထုနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဒေသခံပြည်သူများနှင့် ဆွေးနွေးဟောပြောပွဲများပြုလုပ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုများကို ပိုမိုအလေးပေး ဆောင်ရွက်သွားကြရန် နှင့် ကျန်းမျာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလေ့အကျင့်ကောင်းများ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း REAL Project ရွှေကူမြို့နယ် စီမံချက်အရာရှိ ဦးနိုင်ဇေယျာကျော်ကလည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် (Reaching Equitable Access to health through Local-empowerment (REAL) Project)နှင့် ပူး‌ပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး သင်တန်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အုပ်စုလိုက်စွမ်းဆောင်ရည်ဆု ရရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ များမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း