Print
News and Activities
Hits: 1545

မကွေးမြို့ (ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မကွေးတိုင်းဒေသကြီး) ၏ ကျန်းမာရေးမှူးများ စုံညီတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အားသာချက် အားနည်းချက်များကို ဆွေးနွေးတင်ပြနိုင်ရန်၊ အသင်း၏ လုပ်ကိုင်ဆောင်ရွက်နေသော အခြေအနေများကို အသင်းသူ/သား သိရှိနိုင်ရန်၊ အသင်း၏ ရွေးချယ်တင်မြှောက်ပွဲလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၏ လုပ်ထုံလုပ်နည်းများနှင့်အညီ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့တွင် (၂၀၂၀-၂၀၂၁ ခုနှစ်) အလုပ်အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြှောက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာ ကျန်းမာရေးမှူးအသင်း၏ ဖြစ်ပေါ်တိုးတက်မှုများတွေ့မြင်ရခြင်းအတွက် ဝမ်းမြှောက်ဂုဏ်ယူပါကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

စုံညီတွေ့ဆုံပွဲမစတင်မီ အခမ်းအနားအစီစဉ် ပထမပိုင်းတွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ၏ သား/သမီးများထဲမှ (၂၀၁၈-၁၉ ပညာသင်နှစ်) တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် (၅) ဘာသာဂုဏ်ထူးရှင် မမေစုမြတ်နိုးအား မကွေးတိုင်းဒေသကြီး ဥက္ကဌ ဦးသန်းထွန်းအောင်မှ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မကွေးတိုင်းဒေသကြီး)၏ လုပ်ငန်းဆောင်ရွက်ချက်များကို မကွေးတိုင်းဒေသကြီး ဥက္ကဌ ဦးသန်းထွန်းအောင်မှလည်းကောင်း၊ ဗဟိုအသင်း၏လုပ်ငန်းကိစ္စများကို ဗဟိုအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်မှလည်းကောင်း၊ ရွေးချယ်တင်မြှောက်ရေး ကိစ္စရပ်များကို ဗဟို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး မကွေးတိုင်းဒေသကြီးရှိ ခရိုင်အလိုက် အသင်းကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။


၎င်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေး မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့် သက်ဆိုင်ရာ မြို့နယ် ခရိုင်အလိုက်ကိုယ်စားလှယ်များ စုစုပေါင်း ၁၇၄ ဦး တက်ရောက်ပါဝင်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း