Print
News and Activities
Hits: 2818

သံတွဲမြို့ ( သြဂုတ်လ ၉ ရက်၊၂၀၁၉ ခုနှစ် )

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း နှင့် ACF အဖွဲ့တို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအ နားကို သြဂုတ်လ (၉) ရက်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အာဟာရဖွံ့ဖြိူးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု (၂၀၁၉ ) ဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လက်ထေက်ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ၊ ကိုယ်ဝန်ဆောင်/ နို့တိုက်မိခင်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်မန်နေဂျာနှင့် ဝန်ထမ်းများ စုစုပေါင်း ၈၄ ဦးတက်ရောက်ခဲ့ကြသည်။


 

 

 

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က အမှာစကား ပြောကြားခဲ့ပြီး သံတွဲခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်ဝင်းမှ သံတွဲမြို့နယ် ၏ အာဟာရဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများ၊ ၂၀၁၈ ခုနှစ်အတွင်း ပြည်သူလူထု၏ အာဟာရအဆင့်အ တန်း တိုးတက်လာမှုဖြစ်စဉ်များနှင့် ယခုနှစ် သြဂုတ်လအတွင်း ဆောင်ရွက်မည့် အာဟာရဆိုင်ရာ လှုပ်ရှားမှုများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများမှ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းသို့ လေ့လာကြည့်ရှုခြင်းနှင့် ကလေးမိခင်များမှ စံပြမိခင် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ကိုယ်ဝန် ဆောင်မိခင်များ၊ တစ်နှစ်အောက် နှင့် ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေ၊ သန်ချဆေး များတိုက်ကျွေးခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း