Print
News and Activities
Hits: 1853

တောင်ကြီးမြို့ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကျန်းမာရေးမှူးများ စုံညီတွေ့ဆုံပွဲအခမ်းအနားကို တောင်ကြီးမြို့တွင် စက်တင်ဘာလ (၈) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ဥက္ကဋ္ဌ ဦးသန်းအောင်ဌေးမှ အသင်း၏ လက်ရှိအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု-ဥက္ကဋ္ဌ ဦးမြသွင်မှလည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့်မှ လည်းကောင်း၊ အသင်း၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမျိုးသွင်မှလည်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်းရှင်းလင်းပြောကြားခဲ့သည်။


ဗဟိုအသင်းမှ ဆောင်ရွက်နေသောလုပ်ငန်းများကို အသင်းဝင်များကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးလုပ်ငန်းများကို အသင်းဝင်များသိရှိစေရန်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) အသင်းမှ အကြံပြုတင်ပြနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျန်းမာရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အငြိမ်းစားကျန်းမာရေးမှူး ဆရာကြီးများ/ ဆရာမကြီးများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ဂါဝရပြုကန်တော့ခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကျန်းမာရေးမှူးများ စုံညီတွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်၊ ဒု-ဥက္ကဋ္ဌ ဦးမြသွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အသင်း ဥက္ကဋ္ဌ ဦးသန်းအောင်ဌေး၊ ဗဟို ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်စိန်ညွန့် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ စုစုပေါင်း (၆၂) ဦး တက်ရောက်ပါဝင်ခဲ့ကြသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း