စက်တင်ဘာလ (၈) ရက်၊ ၂၀၁၉ ခုနှစ်။


အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ (Emergency Response Plan Workshop) တစ်ရပ်ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက်နှင့် (၈) ရက်တို့က ကျင်းပပြုလုပ်ခဲ့ပါသည်။

 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် အလုပ်ရုံအစည်းအဝေးပွဲကို (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန်၊ အရေးပေါ်အခြေအနေများတွင် လက်ဦးမှုရယူတုန့်ပြန်နိုင်ရန် နှင့် အရေးပေါ်အခြေအနေများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မူဝါဒ၊ လမ်းစဉ်မျာနှင့်အညီ အရေးပေါ်တုန့်ပြန်မှုအစီအစဉ်များ ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


(၂) ရက်တာ အလုပ်ရုံ အစည်းအဝေးတွင် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြကာ အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၁၆) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။


နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အနေဖြင့် နိုင်ငံတကာအလှူရှင်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို တစ်နှစ်လျှင် ဒေါ်လာ (၇)သန်းခန့် သုံးစွဲဆောင်ရွက်လျှက်သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးပြသနာများအား ကူညီဖြေရှင်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးစီမံချက်၊ အာဟာရ ဖွံ့ဖြိုးရေးစီမံချက်၊ ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်များကို အလေးထားဆောင်ရွက်လျှက်ရှိပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်စိုင်း ပြောကြားခဲ့သည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း