Print
News and Activities
Hits: 4925

မိုင်းခတ်မြို့(အောက်တိုဘာလ ၃ ရက်၊ ၂၀၁၉ ခုနှစ်)

"အဓိက က လမ်းပန်းဆက်သွယ်ရေး တော်တော်ခက်ခဲတယ်။ အကိုတို့အခု ကျိုင်းတုံကလာတဲ့ မြို့ချင်းဆက်သွယ်တဲ့ လမ်းက အကောင်းဆုံးလမ်းပဲ။ အဲ့ဒီလမ်းတောင် မိုးရာသီမှာဆိုရင် မြေပြိုတာတွေ ဖြစ်တယ်။ မိုးရာသီမြေပြိုရင် သွားလို့မရတော့ဘူး။ မြို့နယ်ထဲက တစ်ချို့ရွာတွေဆို သွားလို့မရဘူး။ နယ်မြေလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သွားလို့မရတဲ့ ရွာတွေရှိတယ်။" ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် (မိုင်းခတ်မြို့နယ်)၏ စီမံချက်ဝန်ထမ်း(Project Officer) ကိုနိုင်လင်းကပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိသော မိုင်းခတ်မြို့နယ်သည် ရွာ/ရပ်ကွက်ပေါင်း ၁၃၉ ရပ်ကွက်ရှိပြီး လူဦးရေ ၂၇၀၀၀ ကျော်နေထိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် မိုင်းခတ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးစီမံချက် ကိုဆောင်ရွက်လျှက်ရှိသည်။

”ဒီဒေသမှာက အလုပ်အကိုင်ရှားပါးတယ်။ ဝင်ငွေနည်းပြီး ဆင်းရဲကြတယ်။ နောက်ဆုံး မိုင်းခတ်မြို့ကိုယ်တိုင်က မီးမရဘူး။ ဒီဒေသမှာ သောက်သုံးရေလည်း လုံလောက်မှုမရှိဘူး။ ပြီးတော့ ဒီမှာ မြို့နယ်နယ်ဆေးရုံး တစ်ခုပဲရှိတယ်။ RHC သုံးခုရှိတယ်။ ဝန်ထမ်းလည်း လုံးလောက်မှုမရှိဘူး။ ” ဟု မိုင်းခတ်ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများနှင့် ပတ်သက်ပြီး ကိုနိုင်လင်းက ပြောသည်။

မိုင်းခတ်မြို့နယ်သည် တောင်းကုန်း၊ တောင်တန်းများ ထူထပ်သည်ဒေသဖြစ်ပြီး ရှမ်းလူမျိုး၊ အခါလူမျိုး၊ လားဟူလူမျိုး၊ အင်လူမျိုးများ နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာစကားအခက်အခဲ၊ အလုပ်ကိုင်ရှားပါးခြင်းနှင့် ဝင်ငွေနည်းပါးခြင်း စသည့်အခြေအနေအရပ်ရပ်များကြောင့် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိနိုင်ကြကြောင်း သိရသည်။

"သူတို့ရဲ့ ရိုးရာမှာဆိုရင် ဝါးကြောနဲ့ ချက်ကြိုးဖြတ်တာတို့ ကလေးကို အိမ်မှာပဲ ကိုယ်ဟာကိုမွေးလိုက်တာတို့ ဒါမျိုးတွေ။ ကျွန်တော်တို့လည်း သူတို့ကို ဆေးရုံး ဆေးခန်းတွေလာအောင်လို့ လိုက်လံစည်းရုံးတယ်၊ ထောက်ပံ့စရိတ်တွေပေးတယ်။ ဒါပေမယ့် တစ်နေရာနဲ့ တစ်နေရာက သွားလာရ အရမ်းခက်ခဲတယ်။ ဆိုင်ကယ်တောင်မောင်းလို့ အဆင်မပြေတဲ့နေရာတွေ အများကြီး။ မိုးရာသီဆို သွားလို့မရတော့ဘူး၊ မြို့ချင်းဆက်ကားလမ်းတွေတောင် မြေမပြိုမှ အသုံးပြုလို့ရတယ်။" ကိုနိုင်လင်းက ‌ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးမျိုးချစ် နှင့် ရှမ်းပြည်နည်အရှေ့ပိုင်း စီမံချက်မန်နေဂျာ ကိုအောင်မျိုးမင်းတို့ အဖွဲ့သည် မိုင်းခတ်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ရုံးသို့ အောက်တိုဘာလ ၃ ရက်က သွားရောက်ခဲ့ကြပြီး
စီမံချက်ဝန်ထမ်းများနှင့်တွေ့ဆုံကာ စီမံချက်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Images Gallery

"ဒီဒေသမှာက အလုပ်အကိုင်ရှားပါးတယ်။ ဝင်ငွေနည်းပြီး ဆင်းရဲကြတယ်။ နောက်ဆုံး မိုင်းခတ်မြို့ကိုယ်တိုင်က မီးမရဘူး။ ဒီဒေသမှာ သောက်သုံးရေလည်း လုံလောက်မှုမရှိဘူး။"

  •   MHAA 2019
  • MHAA 2019
  • MHAA 2019
  • MHAA 2019