Print
News and Activities
Hits: 1499

သံတွဲမြို့ (ဒီဇင်ဘာ ၂ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းနှင့် သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့က သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြသနာအဖြစ်မှ လုံးဝပပျောက်သွားသည်အထိ ပြည်သူတရပ်လုံး၏ နိုးကြားတက်ကြွသော စိတ်ဓာတ်များနှင့် ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြစေရေး ရည်ရွယ်ချက်ဖြင့် ၎င်းအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်ဝင်းက အမှာစကားပြောကြားရာတွင် အခမ်းအနားသို့ ဌာနဆိုင်ရာအဖွဲ့အစည်း အစုံအလင်တက်ရောက်သည့်အတွက် ကျေးဇူးတင် ဝမ်းသာကြောင်း၊ လက်ရှိ အခြေအနေတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကို ပျောက်ကင်းအောင်မကုသနိုင်သေးသော်လည်း ART ဆေးပေါင်းကို စနစ်တကျ သောက်သုံးခြင်းဖြင့် လူ့သက်တမ်းစေ့နေနိုင်ပြီဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရသော သူကိုလည်း နှစ်သိမ့်နွေးထွေးမှု ပေးရန်မှာလည်း အရေးကြီးကြောင်း၊ ရောဂါပိုးကူးစက်မှုလျှော့ချရန်မှာ ရောဂါပိုးရှိသောသူ ကို စနစ်တကျ ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း နှင့် ထိုလုပ်ငန်းများကို ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရောဂါကုသရေး/ တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ယခုကဲ့သို့မှာကြားခဲ့သည်။

အခမ်းအနားကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးသော မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းအားကျေးဇူးတင်ကြောင်းလည်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်ဝင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့နောက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန မှ သူနာပြုဆရာမကြီး ဒေါ်ရီရီမွန် မှ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။


ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို (၁၉၈၈) ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုနှစ် ဒီဇင်ဘာ (၁)ရက် နေ့တွင် (၃၁) ကြိမ်မြှောက်ကျင်းပခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိပ်ချ်အိုင်ဗွီ ပိုးကူးစက်ခံရသူ ဦးရေ (၂၃၇,၀၀၀)ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ (ဝ.၅၇%) ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွန်မှုဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးစီမံချက်ကို ရေးဆွဲပြီး မိတ်ဖက် အဖွဲ့အစည်းများပူးပေါင်းကာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာစီမံကိန်း (National Strategic Plan for HIV/AIDS (2016-20) နှင့်အညီဆောင်ရွက်နေကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်ဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ ပညာပေးပြခန်းသို့ လိုက်လံကြည့်ရှုခဲ့ကြပြီး ခုခံအားကျဆင်းမှု ဆိုင်ရာ မေးခွန်းတိုများ ဖြေကြားခဲ့ကြသည်။ အခမ်းအနားတွင် ပါဝင်တက်ရောက်သူများကို လက်ဆောင်ပစ္စည်းများနှင့် ပညာပေးလက်ကမ်းစာဆောင်များ ပေးအပ်ခဲ့သည်။


၎င်းအခမ်းအနားသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှု ဦးစီးဌာန၊ အခြေကျန်းမာရေးဝန်ထမ်းများ၊ မသန်စွမ်းသူ ၅ ဦးနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအ သင်း စီမံချက်ဝန်ထမ်းများ စုစုပေါင်း ၃၉ ဦးတက်ရောက်ခဲ့ကြသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း