Print
News and Activities
Hits: 1694

ရွှေကူမြို့ (ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်)

အခြေခံ ကျန်းမာရေး ဝန်ထမ်းများအတွက် ( Infant and Young Child Feeding Counselling Training (IYCF)) သင်တန်းတစ်ရပ်ကို ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ၎င်းသင်တန်းကို ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ရွှေကူမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သင်တန်းခန်းမတွင် လေးရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူထုအတွင်း ငါးနှစ်အောက် ကလေးငယ်သေဆုံးမှု လျော့ချရေးတွင် အရေးပါသော အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ၊ ၂-နှစ်အောက်ကလေးသူငယ်များကို အာဟာရပြည့်ဝစွာ အစားအစာကျွေးခြင်းနှင့် ပက်သက်သည့် အကြောင်းအရာများအား မိခင် /ဖခင် နှင့် ကလေးသူငယ် ပြုစု စောင့်ရှောက်သူတို့ တတ်ကျွမ်းနားလည်လာစေရေး ပံ့ပိုးကူညီရန် ၊ မွေးစမှ ၂၄-လ အထိ ကလေးများကို သတ်မှတ်ထားသော နည်းများအတိုင်း မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာများ ကျွေးခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများအား စေတနာ့ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးသူများ သိရှိလာစေရန်နှင့် နှစ်သိမ့်ဆွေးနွေးရာတွင် ပြဿနာ အဖြေရှာ စွမ်းရည်များ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အာဟာရဖွံ့ဖြိုးရေးနှင့် လေ့ကျင့် ကွပ်ကဲရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်သီသီလွင် ၊ မြို့နယ်ကျန်းမာရေးဌာနမှ ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းရရှိထားသော သင်တန်းနည်းပြ ဆရာ/ ဆရာမ များမှ ထိုသင်တန်းတွင် စာတွေ့လက်တွေ့ သင်တန်းပို့ချပေးခဲ့သည်။

ယခုသင်တန်းမှ ကလေးငယ်များအား အစားအစာကျွေးမွေးခြင်း နည်းစနစ်များကို သေချာစွာသိရှိနားလည်ပြီး လက်တွေ့ပြန်လည်အသုံးချမျှဝေသွားမည်ဟု ယုံကြည်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ၎င်းတို့ကောင်းစွာ ဖွံ့ဖြိုးကြီးထွားရေးကို အရေးစိုက်ရမည်ဖြစ်ကြောင်း သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး (လက်ထောက် ညွှန်ကြားရေးမှူး ) ဒေါက်တာ စိုင်းထွန်းမှ ပြောကြားခဲ့သည်။

၎င်းသင်တန်းကို ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) အကူအညီဖြင့်  ကချင်ပြည်နယ်မှ အခြေခံ ကျန်းမာရေး ဝန်ထမ်း (၄၁) ဦးကို ပထမသုတ်အနေဖြင့် သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း