ရန်ကုန် (ဇန်နဝါရီ ၁၃၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းရုံး ဝန်ထမ်းများ တွေ့ဆုံနှုတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ကျန်းမာရေးမှူးအသင်းရုံး ဦးထွန်းကြည် ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ Program Director Dr.သရဖီအောင်၊ Head of Program ဦးဆန်းလင်းဦး နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ကြသည်။
ပထမဦးစွာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀-၂၀၂၁ ခုနှစ်) အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းများ တစ်ဦးချင်းစီအပြန်အလှန် မိတ်ဆက်ခဲ့ကြသည်။


ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ၎င်းတို့၏ အလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀-၂၀၂၁ ခုနှစ်) ၂ နှစ်တာသက်တမ်းတွင် ကျန်းမာရေးမှူးကောင်စီ ဥပဒေအတည်ပြုပြဌာန်းနိုင်ရေး အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျန်းမာရေးမှူးအသင်းရုံးများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၁၆ ခုနှစ်) ပြင်ဆင်နိုင်ရေး နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မြင့်မားတိုးတက်လာရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တောင်းတမှုပေါ်မူတည်ပြီး ကျွန်တော်တို့ အသင်းကြီးကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ အစွမ်းကုန်ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် အသင်းကြီး ရေရှည်တိုးတက် အောင်မြင်ဖို့ဆိုတာ အသင်းသားတွေတင် မဟုတ်ဘဲ အသင်းအတွက် အလုပ်လုပ်ပေးနေကြတဲ့ ဝန်ထမ်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်ပေးမှုလည်း လိုအပ်ပါတယ်။ နောက်ပြီး အသင်းကနေ အသင်းသားနည်းတူ ဝန်ထမ်းတွေကိုပါ ပညာသင်ဖို့ ၊ သင်တန်းတက်ဖို့ စတဲ့အခွင့်အရေးတွေကို ပေးသွားမှာ ဖြစ်ပါတယ် " ဟု ၎င်း၏ နှုတ်ခွန်းဆက်အမှာစကားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ ကတိပြုပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ အတွင်းရေးမှူး ဦးဇော်နိုင်မှ နှှုတ်ခွန်းဆက် စကားပြောခဲ့ရာ
“ကျွန်တော်တို့ ကျန်းမာရေးမှူးအသင်းကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိသားစုဝင်တွေဖြစ်တဲ့ ကျွန်တော်တို့အားလုံးက စိတ်တူ ၊ကိုယ်တူ ကြိုးစားပြီးလုပ်ဆောင်သွားကြရအောင်” ဟု ပြည်သူ့ကျန်းမာရေးလုပ်ငန်းများပိုမိုဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးမှူးအသင်းကြီးတိုးတက်ရေး အားလုံးဝိုင်းဝန်းကူညီရန် ပြောကြားခဲ့သည်။

 IMG 4095
ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းကြီး၏ ဘဏ္ဍာရေးမှူး ဦးကိုကိုမှ နှုတ်ခွန်းဆက် အမှာစကားဆက်လက်ပြောကြားခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းမှာကြားခဲ့သည်။

 IMG 4098

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း Program Director ဒေါက်တာ သရဖီအောင်မှ ကျန်းမာရေးမှူးအသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀ - ၂၀၂၁ ခုနှစ်)မှ အသင်းရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံခဲ့သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း