ရန်ကုန်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ ၂၀၂၀ ခုနှစ်


ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတဝန်း ကာကွယ် ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်( National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ခန့်ထားသော စေတနာ့ဝန်ထမ်း များအား အသင်းဥက္ကဌ ဦးမြသွင်မှ ဇန်နဝါရီလ (၄) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချိန်တွင် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကြံပြုပြောကြားခဲ့သည်။


ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်းစီမံချက်အတွက် စစ်တမ်းကောက်ယူမည့်သူ (၅၈) ဦး၊ ကြီးကြပ်သူ (၃၂) ဦး စုစုပေါင်း (၉၀) ဦးတို့အပြင် အဆိုပါ စစ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ညွှန်ကြားကြီးကြပ်ရန် အတွက် Team Coordinator နှစ်ဦးတို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်ခဲ့သည်။


စေတနာ့ဝန်ထမ်း များ ခေါ်ယူရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရှိ လူကြီး နှင့် လူငယ်မျှတမှုရှိစေရန် ခန့်အပ်တာဝန်ပေးခဲ့ပြီး ဥက္ကဌ ဦးမြသွင်မှ တွေ့ဆုံပွဲတွင် လူကြီးနှင့်လူငယ် လေးစားလိုက်နာ၍ လုပ်ငန်းကို တိကျမှန်ကန်စွာ ပြီးဆုံးသည်အထိ လုပ်ဆောင်ကြရန် မှာကြားခဲ့သည်။

09


“မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကနေပြီးတော့ ဒီတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို၊ ပြန်လည်ဆန်းစစ်တဲ့ လုပ်ငန်းကို အောင်အောင်မြင်မြင်နဲ့လုပ်နိုင်မယ်ဆိုတဲ့သူတွေကို ဆရာတို့က ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ လုပ်လည်း လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားလည်းကိုးပါတယ်။ အဲဒါကြောင့် အသင်းကြီးရဲ့ သိက္ခာမကျအောင် ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အလုပ်သဘော အပြောအဆို၊ အနေအထိုင် ၊ အသွားအလာ ကအစ ဒီအသင်းကြီးရဲ့ သိက္ခာမကျအောင် ကြိုးစားပမ်းစား ဆောင်ရွက်ပေးကြပါ” ဟု တွေ့ဆုံပွဲတွင် မှာကြားမှုများပြုလုပ်ခဲ့သည်။

09

ဆက်လက်၍ ရွေးချယ်တင်မြောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်း ကွင်းဆင်းရာတွင် သိသင့်သိထိုက်သည်များကို မှာကြားမှုများ ပြုလုပ်ခဲ့သည်။

1011
တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စစ်တမ်းကောက်ယူမည့်အချိန်မှာ (၄)လ ကြာမြင့်မည်ဖြစ်ပြီး Volunteer များမှာ စစ်တမ်းမကောက်ယူမီ နေပြည်တော်တွင် ငါးရက်ကြာသင်တန်းကို Max Hotel တွင် အချိန်ပြည့်တက်ရောက်ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းကျော် အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် (၁၃) ခုကို ဝန်ထမ်းအင်အား (၆၀၃) ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း