Print
News and Activities
Hits: 1178

နေပြည်တော် (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသည် ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ (၁၈) ရက် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-16) ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက ဦးအေးမြင့်၊ ဥက္ကဋ္ဌ ဦးမြသွင်၊ ဒု-ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းနှင့် ပြည်နယ်များမှ ဥက္ကဋ္ဌများ ဖြစ်သော ဦးစောရွှေချိန်၊ ဦးသန်းဌေးအောင်၊ ဦးမောင်မောင်ချမ်းသင်၊ ဦးမျိုးအောင်နိုင်ဝင်းတို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။

 

F12

ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ၌ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ကော်မတီဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ နာယကနှင့် ဥက္ကဋ္ဌတို့ ဦးဆောင်သော ကျန်းမာရေးမှူးအသင်း ကိုယ်စားလှယ်များ၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်းတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် "ကျန်းမာရေးမှူးကောင်စီ” အမည်နာမ၊ အခန်း (၁) အပိုဒ် (၂) အပိုဒ်ခွဲ (ဂ) ပါ "ကုသမှုပေးခြင်း" စသည့် ကိစ္စရပ်များ အပါအဝင် ဥပဒေကြမ်းပါ အမျိုးသားလွှတ်တော် အမတ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းအား ဖေဖော်ဝါရီလ (၅) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်းတို့က ဆွေးနွေးကြပြီး ဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း