Print
News and Activities
Hits: 2049

(၁၆ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ပထမအကြိမ် အလုပ်ရုံအစည်းအဝေးပွဲကို မြန်မာနိုင်ငံကျန်မာရေးမှူးအသင်း အစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက် စနေနေ့ နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံအစည်းအဝေးတွင် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများကို တိကျသေချာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်သတ်မှတ်ခြင်းနှင့် ၎င်းတို့အသုံးပြုမည့်ငွေကြေးများ သတ်မှတ်ရေး၊ စီမံကိန်းအကောင်အထည်ဖော်မည့် အဖွဲ့အားလုံး၏ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

“ဒီကနေ့ အစည်းအဝေးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ချိန်မှာ ကျွန်တော်တို့ သေသေချာချာလုပ်နိုင်ဖို့ပေါ့နော်။ ကျွန်တော်တို့ မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်ပြီး လုပ်ငန်းအဖွဲ့ (၇) ဖွဲ့ရှိတယ်။ ဒီလုပ်ငန်းအဖွဲ့တွေရဲ့ TOR (လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်သတ်မှတ်ချက်) ကို သတ်သတ်မတ်မတ် သတ်မှတ်ပြီးတော့ သူတို့အတွက် သက်ဆိုင်ရာ ဘတ်ဂျက်ကိုလည်း တိတိကျကျသတ်မှတ်နိုင်ဖို့။ နောက်ပြီးတော့ မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တွေကို တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်းအလိုက် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တွေကို ဒီအစည်းအဝေးကနေပြီးတော့ လုံးဝအချောမရရင်တောင် မူကြမ်းတော့ ရချင်တာပေါ့နော်။ အဲ့ဒါကနေမှ ဒီတစ်နှစ်အတွက် စီမံကိန်းကို ကျွန်တော်တို့ ရချင်ပါတယ်” ဟု မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းဥက္ကဌ ဦးမျိုးသွင်က အဖွင့်အမှာ စကားတွင်ပြောကြားခဲ့သည်။

New A 3

ထို့အပြင် အသင်းဥက္ကဌ ဦးမျိုးသွင်က ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းဝင်များတိုးပွားလာပြီး အသင်းဝင်များသည် အသင်း၏လုပ်ငန်းဆောင်တာများတွင် အားသွန်ခွန်စိုက်ပါဝင်လာကြောင်း၊ အသင်းသည် အများပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အာရုံစိုက် စိတ်ဝင်စားမှုရလာကြောင်း၊ ၅ နှစ်စာ မဟာဗျူဟာစီမံကိန်း မိတ်ဆက်ဖွင့်လှစ်နိုင်ခြင်းသည် အသင်းအတွင်း ကွဲပြားခြားနားမှုများကို စုစည်းလိုက်နိုင်ပြီး ဘုံသဘောတူညီချက်၊ ဘုံလမ်းစဉ်များကို သတ်မှတ်နိုင်လိုက်ကြောင်း အသင်း၏ ဖြစ်ပေါ်ဆောင်ရွက်မှုများကို ၎င်း၏အမှာစကားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် လူမှုဝန်းကျင်တိုးတက်မြှင့်မားရေးနှင့် အသင်းတိုးတက်ဖွံ့ဖြိုးရေး ဟူသော ပန်းတိုင်နှစ်ခုဖြင့် မြန်မာနိုင်ငံ၏ အဓိကလိုအပ်သောကျန်းမာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။

မဟာဗျူဟာစီမံကိန်း၏ ဆောင်ရွက်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်လာစေရန်၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး၊ ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာမြင့်မားလာစေရေး စသည့် အချက်သုံးချက် ပါဝင်ပြီး အသင်းနှင့် ပတ်သက်၍လည်း အသင်း၏လုပ်ထုံးလုပ်နည်းများနှင့် အသင်းဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာစေရန်၊ အသင်းသူ/သားများ၏ ပညာရေးဖွံ့ဖြိုးလာစေရန်၊ အလုပ်အကိုင်များ ဖွံ့ဖြိုးလာစေရန် စသည့် အချက်သုံးချက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းနည်းပညာအကြံပေးဖြစ်သူ ဦးတင်လှိုင်မင်းမှ ပြောကြားခဲ့သည်။
ပထမဆုံးအကြိမ်ကျင်းပသည့် မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မဟာဗျူဟာစီမံကိန်း အကောင်ထည်ဖော်ရေး ကော်မတီအဖွဲ့များနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အကူအဖွဲ့များ၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ စုစုပေါင်း ၃၃ ယောက် ပါဝင်တက်ရောက်ခဲ့ကာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

News A 2
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ၅ နှစ်စာ မဟာဗျူဟာ စီမံကိန်း(၂၀၁၉-၂၀၂၃) အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ပြီးခဲ့သည့် မတ်လ (၃)ရက်က ရန်ကုန်မြို့ Pullman Hotel ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် မတူကွဲပြားသောကျန်းမာရေးမှူးများနှင့် မတူကွဲပြားသော မျိုးဆက် များအားလုံး၏ ဘုံရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်၊ ကျန်းမာရေးမှူးအသင်းနှင့်ကျန်းမာရေးမှူးများ အားလုံး၏ လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးဆောင်ရွက်သွားနိုင်ရန်အတွက် ဗဟိုဦးစီးအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် ကိုယ်စား ပြုပုဂ္ဂိုလ်များ၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများဖိတ်ကြား၍ အားလုံး၏ သဘောဆန္ဒများပါဝင်သော (၅)နှစ်စာ မဟာ ဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မြို့နယ်ပေါင်း (၃၀၇)မြို့နယ်တွင် ဖွဲ့စည်းထားနိုင်ပြီး အသင်းဝင် အင်အား (၅၃၅၆)ဦးနှင့် နိုင်ငံတကာအလှူရှင်(၆)ဖွဲ့ မိတ်ဖက်အဖွဲ့အစည်း(၁၁)ဖွဲ့ဖြင့် ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်(၉)ခု၊ မြို့နယ်(၇၆)မြို့နယ်တွင် ဝန်ထမ်းအင်အား(၄၇၈)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်လုပ်ငန်းများကို မြန်မာနိုင်ငံ တစ်ဝန်းဆောင်ရွက်လျက်ရှိပါသည်။
ပြန်ကြားရေး/မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း