Print
News and Activities

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေးမှူးများဖွံ့ဖြိုးတိုးတက်ရေး (၃) ရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


အခြေခံကျန်းမာရေး ဝန်ထမ်းများကို အခြေခံကျန်းမာရေးပညာရှင် Basic Health Professional များအဖြစ် ခေါ်ဆိုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်နေကြောင်း အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်ပြော

ဇွန်လ ၃ ရက်၊ ၂၀၁၉ ခုနှစ်


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ကျန်းမာရေးမှူးများဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ City Golf Resort Hotel တွင် ဇွန်လ (၁) ရက်မှ (၃)ရက်အထိ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။


၎င်းအလုပ်ရုံးဆွေးနွေးပွဲတွင် (၁) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများကို ကျန်းမာရေးမှူးများ သိရှိနားလည်နိုင်စေရန်နှင့် ကျန်းမာရေးမှူးများအတွက် ပညာရေးအခွင့်အလမ်းများ၊ လုပ်ငန်းခွင် အခွင့်အလမ်းများ တိုးတက်ရန်၊ (၂) ကျန်းမာရေးမှူးများ၏ ဘုံသဘောတူညီမှုဖြင့် ကျန်းမာရေးမှူးနှင့် သက်ဆိုင်သည့် အမည်နာမများကို သတ်မှတ်နိုင်ရန်၊ (၃) လုပ်ငန်းခွင် အခွင့်အလမ်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ အရေးဆိုတင်ပြရာတွင် ကျန်းမာရေးမှူးများအားလုံ၏ သဘောထားများ ရယူဆောင်ရွက်နိုင်ရန်၊ (၄) မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းများအဖွဲ့၏ လုပ်ငန်းအစီအစဉ်များ သတ်မှတ်ရန် စသည့် ရည်ရွယ်ချက် (၄) ခုဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

0001


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ကျန်းမာရေးမှူးများဖွံ့ဖြိုးတိုးတက်ရေး (၃) ရက်တာ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထင်လင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံ ကျန်းမာရေးဦးစီးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ငြိမ်းအေးထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင် ဌေးဇော်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အသင်းဝင်များ တက်ရောက်ပါဝင်ခဲ့ကြသည်။


၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က “အရင်တုန်းက ဆရာတို့ကို အခြေခံကျန်းမာရေးဝန်ထမ်းတွေလို့ခေါ်ပါတယ်။ အခုလက်ရှိအနေအထားမှာ ကျွန်တော်တို့ ပြည်ထောင်စု ဝန်ကြီးပြောတဲ့ စကားလေးကို ဆရာတို့ကို ကျွန်တော် ဖောက်သည် ချပါရစေ။ ဆရာကြီးဝန်ကြီး(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး)က ဆရာ(ကျန်းမာရေးမှူးများ)တို့ကို ဝန်ထမ်းနဲ့တင် မကျေနပ်နိုင်ပါဘူး။ ဒါကြောင့် ဆရာကြီး(ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက) နိုင်ငံတကာအဖွဲ့အစည်းနဲ့ပဲ တွေ့တွေ့၊ အခမ်းအနားတွေမှာရော ဆရာတို့ကို အခြေခံကျန်းမာရေး ဝန်ထမ်းလို့မခေါ်ဘဲနဲ့ အခြေခံကျန်းမာရေးပညာရှင် Basic Health Professional အနေနဲ့ သတ်မှတ်ပြီးခေါ်ဖို့ စီစဉ်နေပါပြီ။ ဆရာတို့ရဲ့ role ကို ပညာရှင်၊ Professional တစ်ယောက်အနေနဲ့ အသိအမှတ်ပြုဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနက စီစဉ်နေတဲ့အကြောင်း ပြောချင်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးမှူးများအပါအဝင် အခြေခံကျန်းမာရေး ဆရာ၊ဆရာမများရဲ့ လုပ်ဆောင်မှုများကို ဝန်ကြီးဌာနမှ အသိအမှတ်ပြုသောအားဖြင့် ပညာရှင်များအဖြစ် သတ်မှတ်ခေါ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ပညာရေးအခွင့်အလမ်းတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးများအတွက် လုပ်ကိုင်ဆောင်ရွက်နေကြောင်း အမြဲတန်းအတွင်းဝန်က ပြောကြားခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အမည်နာမဆိုင်ရာခေါ်ဆိုမှုများ၊ အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ၊ မဟာဗျူဟာ အကောင်အထည်ဖော်ရေးလုပ်ငန်းများအဖွဲ့၏ လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်ပြီး အုပ်စုအလိုက် ဆွေးနွေးခြင်း၊ သဘောထားရယူခြင်း၊ အတည်ပြုဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်က “ကျွန်တော်တို့ ကျန်းမာရေးမှူးတွေက အဓိက က Career Development (လုပ်ငန်းခွင်ရာထူး တိုးတက်မှုအခွင့်အလမ်း) မရှိဘူး။ စပြီးပေါ်လာတဲ့ ၁၉၅၃ ကနေ ခုချိန်ထိ ကျွန်တော်တို့က ကျန်းမာရေးမှူးက ကျန်းမာရေးမှူးဖြစ်တယ်” “ကျန်းမာရေးမှူးတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံမှာ ဘယ်အပိုင်း၊ ဘယ်နေရာတွေမှာဝင်ပြီး ဆောင်ရွက်လို့ ရမလဲ၊ ကျန်းမာရေးမှူးတွေအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ဘယ်အတိုင်းအတာထိ ရာထူးတိုးတက်ဖို့ အခွင့်အလမ်းတွေရှိမလဲ။ အဲ့ဒါကို ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲလုပ် ဆွေးနွေးပြီးတော့ ဒီဆွေးနွေးပွဲက ရလဒ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တရားဝင်တင်ပြပြီး တောင်းဆိုမှာပါ” ဟု ပြောကြားခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့ ဇွန်လ (၃) ရက်နေ့တွင် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးမှူးများကို ကိုယ်စားပြု၍ စနစ်တကျဖွဲ့စည်း ထားသောအသင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အမှုဆောင်အဖွဲ့များကို ညီလာခံခေါ်ယူ၍ (၂) နှစ်တစ်ကြိမ် ရွေချယ်တင်မြှောက်သည်။

ကျန်းမာရေးမှူးများသည် ၁၉၅၃ ခုနှစ်တွင် စတင်ပေါ်ပေါက်လာပြီးပြည် သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေခဲ့သော်လည်းယခုနှစ်ပေါင်း ၆၀ ကျော်အထိ ဖွံ့ဖြိုးတိုးတက်ခွင့် အခွင့်အလမ်းများနည်းပါးနေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းသည် နိုင်ငံတကာအဖွဲ့များ အလှူရှင်များဖြင့်ပူးပေါင်းပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀) ခုရှိ မြို့နယ် (၈၆)ခုတွင် လုပ်ကိုင်လျှက်ရှိသည်။