Print
News and Activities

မေလ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်


စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့ ပူးပေါင်းအကောင်ထည်ဖေါ် ဆောင်ရွက်မည့် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး စီမံချက် “Community-Led Total Sanitation Project” ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများ ဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

1
၎င်းအခမ်းအနားတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် “ယနေ့နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက် (၄) ချက်ထဲမှတစ်ချက်ဖြစ်တဲ့ တမျိုးသားလုံးကျန်းမာကြံ့ ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက လူတိုင်းသက် တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးလုပ်ငန်းကို ကျေးလက်ဒေသ အောက်ခြေထိ ကွင်းဆင်းဆောင်ရွက်ကာ ကူးစက်ရောဂါများ၊ မကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန် ကျန်းမာရေးပညာပေးခြင်း ၊ ဖြစ်လာလျှင်လည်း ထိထိရောက်ရောက် ကုသမှုပေးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုပါတယ်။” ဟု အလုံးစုံသန့်ရှင်းရေးစီမံချက်တွင် အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။


2ထို့နောက် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကိုယ်စား ကျန်းမာရေးမှူးအဆင့်(၁) ဦးမင်းမင်းထွန်းက ပတ်ဝန်းကျင်သန့်ရှင်းမှုသည် ပြည်သူလူထုကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း၊ ယခုပြုလုပ်မည့် လူထုဦးဆောင်သော ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံချက် အောင်မြင်ပြီးမြောက်သည့်အချိန်တွင် ပတ်ဝန်းကျင်သန့်ရှင်းမှု အားကောင်းလာပြီး ရောဂါဖြစ်ပွားမှုနှင့် ကလေးငယ်သေဆုံးမှုများကျဆင်းသွားမည်ဖြစ်သောကြောင့် အားလုံးမှ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်နေသော စီမံချက်များအကြောင်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးဌေးအောင်မှ လည်းကောင်း၊ စီမံကိန်းမိတ်ဆက်စကားကို UNICEF Myanmar မှ ဦးသန်းကျော်စိုးမှ လည်းကောင်း၊ စီမံချက်လုပ်ငန်းအကြောင်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုစီမံကိန်းမန်နေဂျာ ဦးဖြိုးစည်သူဝင်းမှ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုပါ အသိပေးရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ NGOs များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း(၁၅၇) တက်ရောက်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း