ရန်ကုန် (ဇူလိုင်လ ၅ ရက်၊ ၂၀၁၉ ခုနစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ငွေးကြေးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ စိစစ်သုံးသပ်ရေးအစည်းအဝေး တစ်ရပ်ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး ဦးပန် အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃) ရက်မှ (၅) ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

 

ငွေကြေးသုံးစွဲမှုများကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်ကျမှန်ကန်မှုရှိစေရန်၊ စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာသုံးစွဲမှုများ လွယ်ကူချောမွေ့စေရန် နှင့် စီမံချက်လုပ်ငန်းများ၏ ငွေကြေးသုံးစွဲမှုများ ထိရောက်မှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၊ အတွင်းရေးမှူး ဦးဌေးအောင်၊ Head of Program ဦးစန်းလင်းဦး၊ Central Program Manager ဦးဖြိုးစည်သူဝင်း၊ Central finance Manager စောအက်တူး နှင့် ငွေစာရင်းဝန်ထမ်းများ စုစုပေါင်း ၂၆ ဦး ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမျိုးသွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မြန်မာနိုငံကျန်းမာရေးမှူးအသင်း၏ သမိုင်းကြောင်း နှင့် လက်ရှိအခြေအနေများ၊ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများနှင့် အသင်း၏ အနာဂတ်ရည်မှန်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

“ဆရာတို့က အသင်းကို အားလုံးက လေးစားတန်ဖိုးထားရတဲ့ ပြည်သူလူထုတစ်ရပ်လုံးက အားထားရတဲ့ အသင်းအဖွဲ့ကြီးဖြစ်အောင် ရည်မှန်းလုပ်ကိုင်ကြတယ်။ အဲ့တော့ အသင်းရဲ့ အဖွဲ့အဝင်တွေရော ဝန်ထမ်းတွေရော အသင်းက ချမှတ်ထားတဲ့ Core Values၊ Goal၊ Vision၊ Mission တွေအတိုင်း သွားစေချင်တာ၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေးတိုးတက်လာဖို့အတွက် ကိုယ့်ဘက်က ကျရာနေရာကနေ ဘယ်လိုအကောင်းဆုံးထောက်ပံ့နိုင်မလဲ၊ အကောင်းဆုံး ဘယ်လိုပေးဆပ်နိုင်မလဲ ဒီအတွက် အားလုံးက အလုပ်လုပ်စေချင်တယ်။” ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမျိုးသွင်က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ငွေကြေးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ စိစစ်သုံးသပ်ရေး (၃) ရက်တာ အစည်းအဝေးတွင် ပြီးခဲ့သည့် (၆)လတာအတွင်း ငွေကြေးဆိုင်ရာ သုံးစွဲမှုများကို ပြန်လည်စိစစ်ခြင်း၊ လာမည့် ဘတ်ဂျက်ကာလအတွက် ငွေကြေးသုံးစွဲမည့် ကိစ္စရပ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ငွေစာရင်းဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုအရည်အသွေး မြှင့်မားလာစေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူများက သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အနာဂတ်ရည်မှန်းချက်မှာ “မျှတသောကျန်းမာရေးဝန်ဆောင်မှုရရှိနေသည့် ဘဝအရည်အသွေးမြင့်မားသောလူ့အဖွဲ့အစည်း” ဖြစ်ပြီး အသင်းသူအသင်းသားများ၊ ဝန်ထမ်းများ လိုက်နာကျင့်သုံးရသော အမြုတေတန်ဖိုးများမှာ တာဝန်ခံမှု၊ ကိုယ်ကျင့်တည်ကြည်ဖြောင့်မတ်မှု၊ ကိုယ်ချင်းစာမှု၊ လူ့ဂုဏ်သိက္ခာကိုလေးစားမှု၊ ပညာရှင်ဆန်မှု၊ ခွဲခြားဆက်ဆံခြင်းမရှိမှု တို့ဖြစ်ကြသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း