Print
News and Activities
Hits: 2217

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် (ဇွန်လ ၁၇ ရက်၊ ၂၀၁၉ခုနှစ်)


“လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်” ၏ စေတနာ့ဝန်ထမ်းသင်တန်းကို ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့က ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဌာန၌ ပြုလုပ်ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်နွယ်ဝင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်စီမံကိန်းမှ ဒေါက်တာရင်ရင်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အတွင်းရေးမှူး ဦးဌေးအောင် နှင့် စီမံချက် တာဝန်ရှိသူများ၊ ပုဇွန်တောင်မြို့နယ် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်နွယ်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် တီဘီရောဂါသည် မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးသည့် ရောဂါဆိုးတစ်ခုဖြစ်ပြီး တီဘီရောဂါကျဆင်းရေးအတွက် အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ကူးဆက်ပျံ့နှံ့မှုအလွန်လွယ်ကူသော ရောဂါတစ်ခုဖြစ်သည့်အတွက် “များများရှာ မြန်မြန်ကု” နိုင်ရန် အရေးကြီးသောကြောင့် ရောဂါရှာဖွေရေး၊ ကုသရေးများတွင် စေတနာ၊ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးနေကြသော စေတနာဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဌာန၏အကူအညီများလိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကူအညီတောင်းရန်နှင့် အခက်အခဲများကို ကျန်းမာရေးဌာနများနှင့် ပူးပေါင်းဖြေရှင်းကြရန် ၎င်းက တိုက်တွန်းမှာကြားခဲ့သည်။


အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ ဒေါက်တာရင်ရင်ကလည်း “တီဘီရောဂါဟာ မြန်မာနိုင်ငံအတွက် အဓိက ကျန်းမာရေးပြသနာဖြစ်တယ်။ မြန်မာနိုင်ငံက တီဘီရောဂါအဖြစ်အများဆုံး ကမ္ကာ့နိုင်ငံထဲမှာလည်း ပါတယ်။ တီဘီနဲ့ HIV တွဲပြီး ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံထဲမှာလည်း မြန်မာနိုင်ငံကပါနေတယ်။ ဆေးယဉ်ပါး တီဘီ ဖြစ်ပွားမှု အများဆုံးနိုင်ငံထဲမှာလည်း မြန်မာကပါနေပြန်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံရဲ့ လူမှုစီးပွားဘဝတွေကို ထိခိုက်ပျက်စီးစေတဲ့ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ အားလုံးက ကြိုးစားပါဝင်ကြပါ။” ဟု တိုက်တွန်းမှာကြားခဲ့သည်။
၎င်းသင်တန်းတွင် တီဘီရောဂါလူနာရှာဖွေရေးတွေ ကူညီလုပ်ကိုင်ပေးနေကြသည့် စေတနာ့ဝန်ထမ်း (၁၃) ဦး ပါဝင်တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးဌေးအောင်က တီဘီရောဂါတိုက်ဖျက်ရေးအတွက် ပါဝင်လုပ်ဆောင်ပေးကြသော စေတနာ့ဝန်ထမ်းများ၏ စေတနာနှင့် မေတ္တာတရားကို အလေးထား ဂုဏ်ယူပါကြောင်း ၎င်းအခမ်းအနားတွင် ချီးကျူးစကားပြောကြားခဲ့သည်။

တီဘီရောဂါသည် အသေအပျောက်အများဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဉ် လူဦးရေ တစ်သန်းကျော် တီဘီရောဂါဖြင့် အသက်ဆုံးရှုံးလျှက်ရှိကြောင်း စစ်တမ်းများ၏ဖော်ပြချက်များအရသိရသည်။ မြန်မာနိုင်ငံသည် တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံစားရင်းတွင် ပါဝင်ပြီး တီဘီရောဂါသည် နိုင်ငံ၏ အဓိက ကျန်းမာရေးပြသနာတစ်ခုဖြစ်သည်။ ထို့ကြောင့် တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့များ၊ INGO၊ NGO များနှင့် ပူးပေါင်းကာ တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းများ ချမှတ် ဆောင်ရွက်လျှက်ရှိသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းများရေးမှူးအသင်း