Print
News and Activities
Hits: 2474

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ (ဇွန်လ ၂၉ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။


၎င်းရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) ကျန်းမာရေးမှူးများ စည်းလုံးညီညွှတ်မှုရရှိစေရန်၊ (၂) မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးမှူးများ သိရှိစေရန်၊ (၃) မြို့နယ်များမှ ကျန်းမာရေးမှူးများ၏ အကြုံပြုဆွေးနွေးချက်များ ရရှိစေရန် တို့ဖြစ်ပြီး ရှင်းလင်းဆွေးနွေးပွဲသို့ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်စသည့် မြို့နယ် (၅)ခုမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးကြီးကြပ်များ စုစုပေါင်း (၆၆) ဦးတက်ရောက်ခဲ့ကြသည်။


ရှင်းလင်းဆွေးနွေးပွဲတွင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းမင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးသန်းထွန်းအောင်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများ၊ အသင်းမှ ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများနှင့် ဘဏ္ဍာရေးအခြေအနေများ၊ ကျန်းမာရေးမှူးအသင်းက ကြီးမှူးကျင်းပခဲ့သော “ကျန်းမာရေးမှူးများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ” မှ ရလာဒ်များ၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း၏ တွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်ရလဒ်များ အား အသိပေးရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးနေမျိုးထွန်းမှ မြို့နယ်များအတွင်းရှိ ကျန်းမာရေးမှူးများစားရင်း ကောက်ယူရရှိမှုအခြေအနေများ ပြောကြားခဲ့ပြီး မင်းဘူးခရိုင် ကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၁၆)တွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော အသင်းသူအသင်းထဲများထဲမှ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားပြုတစ်ဦးစီမှ အကြံပြုဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးမှူးများကို ကိုယ်စားပြု၍ စနစ်တကျဖွဲ့စည်း ထားသောအသင်းဖြစ်ပြီး ၁၉၉၄တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ တရားဝင်မှတ်ပုံတင်ခဲ့သည်။ အသင်း၏ ပထမဆုံး ဖွဲ့စည်းပုံစည်းမျဉ်းစာအုပ်ကို ၁၉၉၄ ခုနှစ်တွင်ပင် ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ်၊၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ၃ကြိမ်တိုင် ပြင်ဆင်ဖြည့်စွက်ရေးစွဲခဲ့ကြသည်။ ယခု ၂၀၁၉ ခုနှစ်တွင် လက်ရှိ ဆောင်ရွက်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျန်းမာရေးမှူးအသင်း ဆက်လက်ဖွံ့ဖြိုး အားကောင်းလာစေရန်၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို ပြင်လည်ပြန်ဆင်ကြရန် ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်နှင့်၂၃ရက်နေ့တို့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရုံးချုပ်၌ ပြုလုပ်ခဲ့သည်။


မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းသည် နိုင်ငံ တကာအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းပြီး ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀) ခုရှိ မြို့နယ် (၈၆)ခုတွင် လုပ်ကိုင်လျှက်ရှိသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း