Print
News and Activities
Hits: 2256

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ (ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို ပခုက္ကူခရိုင် မြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်လ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။


၎င်းရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) ကျန်းမာရေးမှူးများ စည်းလုံးညီညွှတ်မှုရရှိစေရန်၊ (၂) မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးမှူးများ သိရှိစေရန်၊ (၃) မြို့နယ်များမှ ကျန်းမာရေးမှူးများ၏ အကြုံပြုဆွေးနွေးချက်များ ရရှိစေရန် တို့ဖြစ်ပြီး ရှင်းလင်းဆွေးနွေးပွဲသို့ ပခုက္ကူခရိုင်ရှိ မြို့နယ်(၅)ခုမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးကြီးကြပ်များ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့ကြသည်။


530ရှင်းလင်းဆွေးနွေးပွဲတွင် မြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာသူရဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးသန်းထွန်းအောင်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများ၊ အသင်းမှ ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများနှင့် ဘဏ္ဍာရေးအခြေအနေများ၊ ကျန်းမာရေးမှူးအသင်းက ကြီးမှူးကျင်းပခဲ့သော “ကျန်းမာရေးမှူးများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ” မှ ရလာဒ်များ၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း၏ တွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်ရလဒ်များ အား အသိပေးရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဘဏ္ဍာရေးမှူး ဦးဆန်းမင်းအောင်မှ မြို့နယ်များအတွင်းရှိ ကျန်းမာရေးမှူးများစားရင်း ကောက်ယူရရှိမှုအခြေအနေများ ပြောကြားခဲ့ပြီး မင်းဘူးခရိုင် ကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၁၆)တွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော အသင်းသူအသင်းသား များထဲမှ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားပြုတစ်ဦးစီမှ အကြံပြုဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးမှူးများကို ကိုယ်စားပြု၍ စနစ်တကျဖွဲ့စည်း ထားသောအသင်းဖြစ်ပြီး အသင်းသည် နိုင်ငံ တကာအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းပြီး ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀) ခုရှိ မြို့နယ် (၈၆)ခုတွင် လုပ်ကိုင်လျှက်ရှိသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း