Print
News and Activities
Hits: 2224

(ရွှေကူ၊ ဇူလိုင်လ ၂၀၁၉ခုနှစ်)


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ (၂၈) ရက်ကြာ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၈) ရက်နေ့မှ ဇူလိုင်လ (၁၅)ရက်နေ့အထိ ရွှေကူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသင်တန်းခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။


သင်တန်း၏ ရည်ရွယ်ချက်မှာ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် နေထိုင်ကြသော ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရန်နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသင်တန်းကို ကျန်းမာရေး‌စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) ၏ ကူညီထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝါရင့်နည်းပြဆရာကြီး/ဆရာမကြီးများနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ သင်တန်းနည်းပြဆရာများမှ လူထုကျန်းမာရေးလုပ်သား (၁၅)ဦးကို စာတွေ၊လက်တွေ့သင်ခန်းစာများဖြင့် ပို့ချသင်ကြားပေးခဲ့ကြသည်။


သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် သင်တန်းနောက်ဆုံးနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝါရင့်နည်းပြဆရာကြီး/ဆရာမကြီးများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ရွှေကူမြို့နယ်၏ စီမံချက်အရာရှိ ဦးနိုင်ဇေယျာကျော် နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ‌‌ဒေါက်တာစိုင်းထွန်းမှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်းတွင် ပါဝင်တက်ခဲ့သည့် လူထုကျန်းမာရေးလုပ်သားများအနေဖြင့် ကျန်းမာရေးအသိပညာများကို ကျေးရွာလူထုများသို့ ဖြန့်ဝေပြီး ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ ရွှေကူမြို့နယ်၏ စီမံချက်အရာရှိ ဦးနိုင်ဇေယျာကျော်မှ သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် (Reaching Equitable Access to Health (REAL) Project )နှင့် ပူး‌ပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် သင်တန်းသားများနှင့် တက်ရောက်သူများ စုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အမှတ်တရ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း