Print
News and Activities
Hits: 1514

ရန်ကုန် (သြဂုတ်လ ၁၇ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် (၂၀၁၉-၂၀၂၀ ခုနှစ်) ဗဟိုအဆင့်အစည်းအဝေးကို သြဂုတ်လ (၁၇) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရွေးချယ်တင်မြှောက်ပွဲ အဆင့်ဆင့်တွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ (၂) တိုင်းဒေသကြီး/ပြည်နယ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်အားလုံး ရွေးချယ်တင်မြှောက်ပွဲ လုပ်ငန်းစဉ်များကို သိရှိနားလည်နိုင်စေရန်၊ (၃) ရွေးချယ်တင်မြှောက်ပွဲများမှ တဆင့် အသင်းဝင်အချင်းချင်း စည်းလုံးညီညွှတ်မှု တည်ဆောက်နိုင်ရန် စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့်၊ အတွင်းရေးမှူး ဦးဝင်းဌေး နှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များမှ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်များ စုစုပေါင်း (၅၀) ခန့် တက်ရောက်ပါဝင်ခဲ့သည်။


“မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ယခုအချိန်မှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပလက်ဖောင်း (၃)ခုကို ဖန်တီးထားပါတယ်။ ဒါတွေကတော့ ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးအဖွဲ့၊ မဟာဗျူဟာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးကော်မရှင်အဖွဲ့တွေဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့များအနေနဲ့ မြို့နယ်၊ခရိုင်များအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တဲ့အတွက် အသင်းအတွက်အလွန်အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်က အစည်းအဝေးအမှာစကားတွင်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက ဆရာကြီး ဦးအေးမြင့်၊ ဒု-ဥက္ကဋ္ဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဌေးအောင်နှင့် ဗဟို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့်တို့မှ အသီးသီးနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။


ထို့နောက် ဗဟိုရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ကိုင်ဆောင်ရွက်နေသော အခြေအနေများနှင့် ပတ်သက်၍ ရွေးချယ်တင်မြှောက်ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့ မှလည်းကောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ငွေကြေး၊ စည်းမျဉ်း/ စည်းကမ်းများနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးမှူး ဦးမျိုးတင့်မှလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များမှ ပြည်လည်ဆွေးနွေးခဲ့ကြသည်။

သြဂုတ်လ (၁၇) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် (၂၀၁၉-၂၀၂၀ ခုနှစ်) ဗဟိုအဆင့်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ချက် (၁၂) ရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး အစည်းအဝေးကို ညနေ (၄) နာရီခွဲအချိန်တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း