Print
News and Activities
Hits: 1896

ရန်ကုန် (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ်အစည်းအဝေးကို သြဂုတ်လ (၁၈) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

၎င်းအစည်းအဝေးကို (၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ၅ နှစ်စာ မဟာဗျူဟာစီမံကိန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ (၂) စီမံကိန်း လုပ်ငန်းများမှ တဆင့် အသင်းဝင်အချင်းချင်းနှင့် ပြည်သူလူထုအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာစေရန် စသည့် ရည်ရွယ်ချက် နှစ်ခုဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ပါဝင်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ၏ အခြေအနေများနှင့် မဟာဗျူဟာစီမံကိန်းဆိုင်ရာ အချက်အလက်အကြောင်းအရာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ယခုနှစ်အတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် ဦးစီးပေးကဏ္ဍများ သတ်မှတ်ရွေးချယ်ခြင်း၊ စီမံကိန်း လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေများ လျာထားသတ်မှတ်ခြင်း၊ စီမံကိန်း လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးနှင့် အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် ကိုက်ညီမှုရှိ/မရှိ ဆန်းစစ်ခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် Research Team၊ Capacity Development Team၊ Communication Team၊ Academic Support Team၊ Emergency Response Team စသည့် အဖွဲ့ (၅) ခုမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာများနှင့် ငွေးကြေးသုံးစွဲမှုသတ်မှတ်ချက်များကို အတည်ပြုဆုံးဖြတ်ခဲ့ ကြသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရန်၊ ပြည်သူများ မျှတ၍ အရည်အသွေးရှိသော ကျန်းမာရေးဝန်ဆောင်မှုကို ငွေကြေးအခက်အခဲမရှိ ရရှိနိုင်ရန်၊ ကျန်းမာရေးအသိပညာနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များမြှင့်တင်ရန် စသည့်ရည်ရွက်ချက်များဖြင့် (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတကာအလှူရှင်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို တစ်နှစ်လျှင် ဒေါ်လာ (၇)သန်းခန့် သုံးစွဲဆောင်ရွက်လျှက်ရှိသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း