Print
News and Activities
Hits: 1885

မကွေးတိုင်းဒေသကြီး (သြဂုတ်လ၊ ၂၀၁၉ ခုနှစ်)

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက လုပ်ဆောင်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် သြဂုတ်လ စတုတ္ထပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေစကြို နှင့် ပေါက် မြို့နယ် (၂) ခုတွင် ကျင်းပပြုလုပ်ခဲ့သော အသိပေးရှင်းလင်းပွဲများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု-ဥက္ကဌ ဦးမြသွင်နှင့် ဗဟို စီမံကိန်းမန်နေဂျာဦးဖြိုးစည်သူဝင်းတို့မှ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအသိပေးရှင်းလင်းပွဲများသို့ သက်ဆိုင်ရာ မြို့နယ် များမှ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး လမ်းညွှန်အကြံပြုချက်များ ပြောကြားခဲ့ကြသည်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ပူးပေါင်းပြီးလုပ်ကိုင်ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား ကျေးဇူးတင်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အကူအညီကိစ္စရပ်များအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများသို့ ဆက်သွယ်ဆွေးနွေးနိုင်ပါကြောင်း အခမ်းအနားတွင် တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်များနှင့် ပတ်သတ်ပြီး ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါ ဝေဒနာရှင် (၁၃၀၀၀၀) ခန့် မှတ်ပုံတင်ကုသလျှက်ရှိပြီး ၎င်းတို့အနက်မှ (၅၃၀၀၀) ခန့်မှာ ပြည်သူလူထုအတွင်း ကူးစက်မှု အများဆုံးပေးနိုင်သော သလိပ်ပိုးတွေ့လူနာများဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

မြန်မာနိုင်ငံကျန်းမာရေးအသင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ စုစုပေါင်း (၄၆) မြို့နယ်တွင် တီဘီတိုက်ဖျက်ရေး “End TB Project” စီမံချက်များကို ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပါွးမှု အများဆုံး (၃၁) နိုင်ငံစာရင်းနှင့် TB/MDR-TB နှင့် TB/HIV ရောဂါများ ဖြစ်ပါွးမှု အများဆုံး (၁၄) နိုင်ငံစာရင်းတို့တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွါးမှုသည် နိုင်ငံ၏ အဓိကကျန်းမာရေး ပြသနာ တစ်ခုဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း