Print
News and Activities
Hits: 1358

ကချင်ပြည်နယ်၊ ရွှေကူမြို့ (နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၉ခုနှစ်)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ဦးဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့် ပတ်သတ်ပြီး ဆက်စပ်အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Stakeholder Coordination Meeting) ကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ထိုအစည်းအဝေးအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဆေးရုံ အထောက်အကူပြုအဖွဲ့၊ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းအဖွဲ့၊ ဆေးရုံကြီးကြပ်မှု ကော်မတီ၊ NGO/INGO အဖွဲ့များမှ အဖွဲ့တာဝန်ခံများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စုစုပေါင်း (၂၉) ဉီး တတ်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှုး (မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္က)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌‌‌‌‌ဒေါက်တာစိုင်းထွန်းမှ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရွှေကူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)၏ စီမံချက်အရာရှိ ဦးနိုင်ဇေယျာကျော်မှ ၂၀၁၉ ခုနှစ်အတွင်း Access To Health Fund အထောက်အပံ့ဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများ၊ စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများမှလည်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနား နိဂုံးချုပ်အမှာစကားကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္က (မြို့နယ်အုပ်ချုပ်ရေးမှူး) ကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး မှ ပြောကြားပေးခဲ့ပါသည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း