Print
News and Activities
Hits: 1418

သံတွဲမြို့ (ဒီဇင်ဘာလ ၃ ရက်၊၂၀၁၉ ခုနှစ်)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ဦးဆောင်၍ လူမှုှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦိးစီးဌာနနှင့် ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်အမှတ်ပွဲ အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခမ်းမ၌ ဒီဇင်ဘာလ (၃) ရက်က ကျင်းပပြုလုပ်ခဲ့သည်။

 

 

အဆိုပါ အခမ်းအနားသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မသန်စွမ်းသူ ၅ ဦးနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စုစုပေါင်း ၃၉ ဦးတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်ဝင်းက အမှာစကားပြောကြားခဲ့ရာ မသန်စွမ်းသူများ၏ဘဝ အမှီခိုကင်းစွာ ရပ်တည်နေနိုင်ရေးအတွက် ၎င်းတို့အတွက်လိုအပ်သည့်အနေအထားများကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ အားလုံးပါဝင်သော လူ့အဖွဲ့အစည်း၊ အားလုံးအတွက် ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် အဆောက်အဦး စသည့် အားလုံးပါဝင်သော မူဝါဒများ ချမှတ်နိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက သတိပြု အလေးထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ အသိပညာပေးပွဲများ၊ အထိမ်းအမှတ်ပွဲများပြုလုပ်ခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက မသန်စွမ်းသူများ၏ အခွင့်ရေး၊ ဘဝရပ်တည်ရေးတို့အတွက် ထည့်သွင်းစဉ်းစားဖန်တီးပေးကြရန် လိုအပ်ကြောင်း စသည့် မသန်စွမ်းသူများဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာမှလည်း မသန်စွမ်းသူများအား လူ့ဘောင်အဖွဲ့အစည်းအတွင်း လက်တွဲခေါ်ဆောင်ရန် အရေးကြီးကြောင်း၊ ၎င်းတို့ ရပ်တည်နေထိုင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပြီး ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် တိုင်းပြည်၏ကုန်ထုတ်စွမ်းအားကို မြင့်မားစေနိုင်ကြောင်း မသန်စွမ်းသူများဆိုင်ရာ စသည့် ကဏ္ဍရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းရှိ မသန်စွမ်းသူများ အချိုးအစားကို နှိုင်းယှဉ်ပြ၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

၎င်းအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တက်ရောက်လာသူများအား မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေးမေးခွန်းများမေးမြန်းခဲ့ကာ မသန်စွမ်းသူများဆိုင်ရာ စစ်တမ်းတစ်ရပ်ကောက်ယူခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း