Print
News and Activities
Hits: 1372

ရန်ကုန် (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၉ ခုနှစ်)

လှိုင်သာယာမြို့နယ်ရှိ ကိုယ့်အားကိုကိုး အဖွဲ့မှ အဖွဲ့ဝင်များအား လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး သင်တန်းတစ်ရပ်ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီစဉ်ပို့ချပေးခဲ့ပါသည်။ ၎င်းသင်တန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး ခန်းမတွင် ဒီဇင်ဘာလ (၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်မှ ကိုယ့်အားကိုကိုး အဖွဲ့မှ အဖွဲ့ဝင် စုစုပေါင်း (၁၆) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လှိုင်သာယာမြို့နယ်မှ ကိုယ့်အားကိုကိုး (Self Help Group) အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်းကာ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လုပ်ကိုင်လျှက်ရှိပြီး ၎င်းတို့အဖွဲ့ဝင်များ လုပ်ငန်းပိုင်ဆိုင်ရာစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရေး ယခုကဲ့သို့ သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချပေးခဲ့ခြင်းဖြစ်သည်။

"ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှ ထိရောက်အောင်မြင်စွာ လုပ်ကိုင်နိုင်ရေးအတွက် အခုလို စွမ်းဆောင်ရည်မြှင့်သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးမှူးအသင်းရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးတဲ့အတွက် ဆရာတို့၊ ဆရာမတို့ကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးမှူးအသင်းအနေနဲ့ ဆရာတို့၊ ဆရာမတို့ရဲ့ လိုအပ်ချက်အခက်အခဲတွေကိုလည်း ဝိုင်းဝန်းကူညီပံံ့ပိုးဖို့ အမြဲအသင့်ရှိပါတယ်" ဟု သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင် ယခုကဲ့သို့ အမှာစကားပြောကြားခဲ့သည်။

၎င်းသင်တန်းတွင် လူနာများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများကို သိရှိနားလည်ပြီး လူနာများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရေး National Tuberculosis Control Programme မှ စိတ်ကျန်းမာအထူးကု Dr.ခင်ရတနာစိုးက ပညာရပ်ဆိုင်ရာများပို့ချရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးအသင်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ စုစုပေါင်း (၁၄) မြို့နယ်တွင် “Community Participation towards Universal Access to TB/MDR-TB” စီမံချက်ကို ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွါးမှု အများဆုံး (၃၁) နိုင်ငံစာရင်းနှင့် TB/MDR-TB နှင့် TB/HIV ရောဂါများ ဖြစ်ပွါးမှု အများဆုံး (၁၄) နိုင်ငံစာရင်းတို့တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွါးမှုသည် နိုင်ငံ၏ အဓိကကျန်းမာရေး ပြသနာ တစ်ခုဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း