Print
News and Activities
Hits: 1789

နေပြည်တော် (ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၀ ခုနှစ်)

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်း(Nationwide Vaccine Coverage Evaluation Survey)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက် နံနက် ၉ နာရီတွင် Hotel Max နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့ တက်ရောက်ပါဝင်ခဲ့ကြသည်။

 

IMG 6581

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းပြည်ပ ကျန်းမာရေး အဖွဲ့အစည်းများမှ အကြီးအကဲများ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဋ္ဌ ဦးမြသွင်၊ ဒု-ဥက္ကဋ္ဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ Program Director ဒေါက်တာ သရဖီအောင်၊ Head of Program ဦးဆန်းလင်းဦး၊ Central Program Manager များဖြစ်ကြသော ဦးသန့်ဇော် နှင့် ဦးဖြိုးစည်သူဝင်း၊ စီမံချက် နှင့် ငွေစာရင်းဌာနမှ အကြီးအကဲများ၊ စစ်တမ်းကောက်ယူမည့်သူများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ပါဝင်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် အသက် ငါးနှစ်အောက်ကလေးများတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ဆေးဖြင့် ကာကွယ် ၍ရသောရောဂါများကြောင့် ကလေးငယ်များ သေဆုံးမှု လျှော့ချနိုင်ရေး အဓိကရည်မှန်းချက်များဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ရောဂါကာကွယ် ဆေး ၁၂ မျိုးကို ထိုးနှံတိုက်ကျွေးနိုင်ပြီဖြစ်ပြီး လာမည့် ဇူလိုင်လ(သို့မဟုတ်) ဩဂုတ်လအတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ၁၃ ခုမြောက် ကာကွယ် ဆေးအဖြစ် ထည့်သွင်းထိုးနှံသွားနိုင်တော့မည် ဖြစ်ပါကြောင်း ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

86709294 560792411446204 8068414107864268800 n

ထို့နောက် ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် စစ်တမ်းကောက်ယူမှု လုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းကိုလည်း လာမည့် ၂၀၂၅ ခုနှစ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ၁၀၀ ရာခိုင်နှုန် း ကျခံ ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရရှိသော ဘဏ္ဍာငွေများကို ထိရောက်အကျိုးရှိစွာ အသုံးချဆောင်ရွက် နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှုအားကောင်းစေရေးအတွက် စိန်ခေါ် မှုများ၊ အခက်အခဲများဖော်ထုတ်ကာ ပိုမိုအောင်မြင် ထိရောက်စေရေးအတွက် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလွှမ်းခြုံမှုစစ်တမ်းသည် အရေးကြီးပါ ကြောင်း၊ အလားတူ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလွှမ်းခြုံမှုစစ်တမ်းမျိုးကို ၁၉၈၇ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး အခြားစစ်တမ်းငယ်ပြုလုပ်မှု များလည်း ရှိပါကြောင်း၊ စစ်တမ်းအဖြေများ၏ အသုံးဝင်မှု ကောင်းမွန်စေရေးအတွက် စစ်တမ်းကောက်ယူသူ (surveyor)များနှင့် ချိတ်ဆက်ဆောင်ရွက်သူများ၏ အခန်း ကဏ္ဍများသည် အရေးကြီးပါကြောင်း

IMG 6588IMG 6575

 

 

စစ်တမ်းအဖြေများကို လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မူဝါဒနှင့် မဟာဗျူဟာ များ ချမှတ်ရာတွင်လည်းကောင်း အသုံးချဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ယခု သင်တန်းတက်ရောက်သူများအနေဖြင့် လည်း အပြန်အလှန်မေးမြန်းဆွေးနွေးမှုများကို ပြုလုပ်ကြ စေလိုပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ပါဝင်ခြင်း အားဖြင့် စစ်တမ်းကောက်ယူမှု အတွေ့အကြုံများစွာ ရရှိ နိုင်မည်ဖြစ်ပြီး နောင်အခါ ဆောင်ရွက်မည့်စစ်တမ်းများ ကောက်ယူရာတွင် ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်သတ်မှတ်ခွဲဝေမှုများ သည် အရေးကြီးပါကြောင်း၊ စစ်တမ်းကောက်ယူမှု ကြီးကြပ် သူများအနေဖြင့်လည်း စတင်ကောက်ယူစဉ် ပထမပတ်နှင့် ဒုတိယပတ်တို့တွင် အတွေ့အကြုံဝေမျှ ဆွေးနွေးခြင်းများကို ပြုလုပ်စေလိုပါကြောင်း စစ်တမ်းကောက်ယူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့သည်။

အခမ်းအနားတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလွှမ်းခြုံမှုစစ်တမ်းဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားသည်။

86872501 1026333967750646 8767854020258693120 n

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်း(Nationwide Vaccine Coverage Evaluation Survey) ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လျက်ရှိပြီး စစ်တမ်းကောက်ယူမည့်သူ (၄၀) ဦး၊ ကြီးကြပ်သူ (၄၀) ဦး စုစုပေါင်း (၈၀) ဦးတို့အပြင် အဆိုပါ စစ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ညွှန်ကြားကြီးကြပ်ရန် အတွက် Team Coordinator နှစ်ဦးတို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်ခဲ့သည်။

IMG 6585

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်း(Nationwide Vaccine Coverage Evaluation Survey) ကို တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် (၃)လ ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမည့်သူများကို ဖေဖော်ဝါရီလ (၇) ရက်မှ (၁၁) ရက်အထိ ငါးရက်ကြာသင်တန်းကို နေပြည်တော်တွင် Max Hotel တွင် စစ်တမ်းမကောက်ယူမီ ပို့ချသင်ကြားပေးခဲ့ပြီးဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း