Print
News and Activities
Hits: 1587

 ပြင်ဦးလွင် ( ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာအထူးသင်တန်းတစ်ရပ်ကို ပြင်ဦးလွင်မြို့ ဆေးသုတေသနဦးစီးဌာန၊ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် အတွင်းရေးမှူး ဦးဇော်နိုင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 

01

photo-Ministry of Health and Sports Myanmar

 သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိုသို့ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့စေရေးတို့အတွက် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ သုတေသနစွမ်းရည်အပါအဝင် ဘက်စုံစွမ်းရည်များ မြင့်မားတိုးတက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍလုပ်ငန်းများအတွက် အရေးကြီးသည့် အင်အားများဖြစ်သော အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ဖောက်ထွက်စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားနိုင်မှု၊ အချက်အလက်အထောက်အထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် သုတေသန လုပ်ဆောင်မှုများသည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်သန်း (၆၀၀၀) ကို ခွင့်ပြုချထားပေးကာ သုတေသန ဆောင်ရွက်သည့် အလေ့အထ၊ ဓလေ့ပုံစံများထွန်းကားလာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း သင်တန်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ယခုပထမဆုံးအကြိမ် သုတေသနနည်းပညာအထူးသင်တန်း (၂၀၂၀) (first training workshop on research capacity strengthening and proposal development for basic health services professionals) သည် ဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် ပထမဆုံးအနေဖြင့် ကျန်းမာရေး မှူးများနှင့် သူနာပြုများအား သုတေသနစွမ်းဆောင်ရည်မြှင့်သင်တန်းပေးအပ်ခြင်းဖြစ်ပြီး သင်တန်းတွင် မဟာဘွဲ့နှင့် ဒီဂရီဘွဲ့များ အသီးသီးရရှိထားသည့် ကျန်းမာရေးမှူးများနှင့် သူနာပြုများ စုစုပေါင်း (၃၃) ဦးကို သင်တန်းပို့ချသွားမည်ဖြစ်သည်။

သင်တန်းတွင် အဖွဲ့အလိုက် သုတေသနအဆိုပြုလွှာများကို ပြုစုရေးသားစေခြင်း၊ အဆိုပြုလွှာများကို သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) မှ ဆန်းသုံးသပ်ပေးခြင်းတို့ အပြင် သင်တန်းမှထွက်ပေါ်လာမည့် အဆိုပြုလွှာများ အမှန်တကယ်သုတေသနဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေကိုပါ တစ်ပါတည်းချ ထားပေးမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

၎င်းသင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Central M&E Manager ဦးကျော်ထက်အောင်၊ Assistant M&E Manager ဦးအောင်ကိုလတ်၊ Senior M&E Officer ဒေါ်နီနီထွန်း၊ M&E Officer ဦးအောင်ကိုဝင်း၊ Township Project Coordinator ဒေါ်မြင့်မိုရ်လွင် တို့ (၅) ဦး ပါဝင်တက်ရောက်ခဲ့သည်။

04

photo-Ministry of Health and Sports Myanmar

သင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ကျန်းမာရေးမှူးများ ပါဝင်တက် ရောက်ခြင်းသည် ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ပူပေါင်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မဟာဗျူဟာနှင့် လုပ်ငန်းမူဘောင်များရေးဆွဲချမှတ် ဆောင်ရွက်စေလိုပါကြောင်း သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။

02

photo-Ministry of Health and Sports Myanmar

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)) ဒေါက်တာစောစော က သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဋ္ဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဇော်နိုင် နှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း