Print
News and Activities
Hits: 13057

နေ့လည်ခင်း ကလေးအိပ်တုန်း မထွန်းသန်းတစ်ယောက် ဘူးစင်အရိပ်အောက်မှာ အဝတ်ထိုင်လျှော်နေလေသည်။ စောသောကြာစူးလေးကို မွေးတော့ သူမအသက် ၁၄ နှစ်ပဲ ရှိသေးသည်။ ခုတော့ ဖြူဖြူကစ်ကစ်လေးနှင့် ချစ်စရာကောင်းလှသည့် ငါးလသားအရွယ် သောကြာစူးလေးကို မထွန်းသန်း ချစ်မ၀ ဖြစ်နေသလို သူမ၏ အဖေကလည်း ချစ်မဝတော့။ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အပျိုကြီးကုန်းရွာတွင် မထွန်းသန်းတို့ သားအဖ နှစ်ယောက် တောင်ယာအလုပ်လုပ်ကိုင်ရင်း နေထိုင်စားသောက်ခဲ့ကြသည်။

 

မထွန်းသန်း မြီးကောင်ပေါက်အရွယ်မှာ ရွာအတွင်း သူမနှင့် ရွယ်တူ ယောင်္ကျားလေး တစ်ယောက်နှင့် လူငယ်သဘာ၀ သမီးရည်းစားဖြစ်သွားကြကာ
မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားခဲ့သည်။ ဒေါသကြီးသည့်ဖခင်ဖြစ်သူ နှင့် နေထိုင်သည့် မထွန်းသန်းအဖို့အခုလို ကိုယ်ဝန်ရှိသွားသည့် ကိစ္စမှာတော့ သွေးပျက်ဖွယ်ရာပင်။ မိန်းကလေးအချင်းချင်း တိုင်ပင်ဖော်လည်းမရှိသည့်အပြင် ကလေးစိတ်မကုန်သေးသည့်အတွက် သူမအနေဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ကာ ကူကယ်ရာမဲ့၊ ပတ်ဝန်းကျင်တွင်လည်း မျက်နှာမဖော်ရဲနှင့် သူမအတွက်တော့ ထွက်ပြေးချင်ပေမယ့် ဘယ်သွားလို့သွားရမှန်းမသိနှင့် ဒုက္ခရောက်နေသည်။

02

ကံကောင်းထောက်မစွာပင် ကျေးရွာအတွင်းဖွင့်လှစ်ထားသည့် ကွမ်ဘီကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ အကူအညီဖြင့် သူမ ဆေးရုံသို့ ကိုယ်ဝန်သွားပြဖြစ်ခဲ့သည်။

"အသက်က ငယ်ပြီး အရပ်လည်းပုတဲ့အတွက်ကြောင့် ကျန်းမာရေးမှူးက အန္တာရာယ်ရှိတဲ့အကြောင်း ပြောပြတယ်။ ပြောပြတော့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ဆက်သွယ်ပေးပြီး အကူအညီတောင်းတယ်။ ကိုယ်ဝန်ဆောင်တုန်းက အလုပ်လည်းလုပ်တယ်။ အလုပ်လုပ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျမှာလည်းကြောက်တယ်။ ကလေးမွေးတဲ့အချိန်မှာတော့ အခက်အခဲမရှိပါဘူး"ဟု မထွန်းသန်းက သူမ၏ အတွေ့အကြုံများကို ပြောပြသည်။

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသည် ဘာသာစကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ နှင့် IDP Camp များတွင် နေထိုင်ရသောကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီနိုင်ဖို့ရာ မစွမ်းသာလှချေ။

၂၀၁၉ ခုနှစ် ၊လှိုင်းဘွဲ့မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်ခန့်မှန်းအရေအတွက် ၇၁၂၉ ဦး ရှိပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ Access to Health Fund ၏ ထောက်ပံ့မှုဖြင့် အရေးပေါ်ကိုယ်ဝန်ဆောင် သားဖွားစောင့်ရှောက်မှု ၄ရာခိုင်နှုန်းကို ပေးခဲ့ကြောင်း သိရသည်။