Print
News and Activities
Hits: 4420

အရင်တုန်းက ဒီကျေးရွာမှာ ကျောက်ခွေလုပ်ပြီးရောင်းတဲ့သူ သိပ်ပြီး များများစားစား မရှိပါဘူး။ တစ်ဦးစ နှစ်ဦးစလောက်ပဲ လုပ်ကြတာပါ။ အခုဆိုရင် ငါးဦး ခြောက်ဦးလောက် ရှိလာပြီ။ ဒီရွာကနေ ဆင်ဖြူကျွန်းကို သွားတဲ့လမ်းတလျောက်မှာဆိုရင်တော့ ကျောက်ခွေရောင်းတဲ့ဆိုင် (၁၀) ဆိုင် (၁၅) ဆိုင်လောက်ကို ရှိလာပြီ။

CLTSS01

“ကျွန်တော်ဆိုရင်အရင်က ဝါးနဲ့ သက္ကယ် လောက်ပဲ ရောင်းတာ၊ အခုနောက်ပိုင်းမှာ ဒေသခံတွေက အိမ်သာကို ကျောက်ခွေနဲ့ စနစ်တကျဆောက်လာတော့ ကျောက်ခွေ(ကွန်ကရစ်ခွေ) တွေ လုပ်ပြီး ရောင်းတယ်။ တော်တော်ရောင်းရပါတယ်။ အခုဆိုရင် ကျောက်ခွေတင်မကတော့ဘူး အိမ်သာတွေပါ အလုံးလိုက် ရောင်းနေရပြီ။ အိမ်သာ ဆောက်တဲ့သူတွေ အရမ်းများလာတယ်။ သူတို့ ယခင်အိမ်သာတွေကို မသုံးကြတော့ဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊ သန့်ရှင်း သပ်ရပ်လုံခြုံတဲ့ အိမ်သာတွေ အသစ်ဆောက်လာကြတယ်။ ကျွန်တော်တို့အတွက် အလုပ်ဖြစ်တာပေါ့။” ဟု စလင်းမြို့နယ် သရက်ချဉ်ကျေးရွာမှ ကိုအောင်ဆန်းယုကဆိုသည်။

ကိုအောင်ဆန်းယုက အဆိုပါ ဝါး၊သက္ကယ်၊ ကျောက်တိုင်နှင့် ကျောက်ခွေ ရောင်းဝယ်ရေးလုပ်ငန်းကို ယခုနှစ်စကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် လများမှ စတင်၍ အိမ်သာအလုံးလိုက်တည်ဆောက် ရောင်းချမှုကို တိုးချဲ့လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုလုပ် ဒီစိတ်ကူးရလာလည်းဆိုရင် ရွာတစ်ရွာမှာရှိတဲ့ အသိတစ်ယောက်က ကျွန်တော့်ဆီကို ကျောက်ခွေဝယ်ရင်းနဲ့ အိမ်သာတွေရော လုပ်ပြီး မရောင်းဘူးလားလို့ မေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စပြီး လုပ်ဖြစ်ခဲ့တာ အခုဆိုရင် စုစုပေါင်း(၇) လုံး ရောင်းပြီးသွားပြီ။ အခုလည်း မှာထားတာတွေ ရှိသေးတယ်။ကျွန်တော်တို့က ကျောက်ခွေတွေ အိမ်သာတွေကို အိမ်အရောက် ပို့ပေးတယ်၊ တစ်ခါတည်း ကျင်းထဲကို နေရာချပေးတယ်၊ ကျင်းတူးပြီးသားဆိုရင် တစ်ခါတည်း အပြီးအစီး တပ်ဆင်ပေးတော့ ဝယ်တဲ့သူတွေလည်း ပိုအဆင်ပြေတာပေါ့။” ဟု ကိုအောင်ဆန်းယုက ပြောသည်။

လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေး စီမံချက်လုပ်ငန်းများ စတင်ပြီးနောက် ဒေသခံအများစုသည် သန့်ရှင်းလုံခြုံသော အိမ်သာများ ဆောက်လုပ်ရန် ဆန္ဒရှိသော်လည်း ပစ္စည်းမစုံလင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ပေးမည့်သူ လက်သမားမရှိခြင်း စသည့် အခက်အခဲများ ဖြစ်ပေါ်နေခြင်းအတွက် ယခုကဲ့သို့ အိမ်သာအလုံးလိုက်ရောင်းချ အိမ်အရောက်တပ်ဆင်ပေးသည့် စနစ်က ၎င်းအခက်အခဲကို ပြေလည်သွားစေသည်။

“သူတို့တွေအတွက် အဆင်ပြေသွားတာပေါ့။ အခုနောက်ပိုင်း အိမ်သာတွေ ဆောက်တာများလာတော့ ကျွန်တော်တို့ လုပ်ငန်းတွေလည်း ပိုအဆင်ပြေ သူတို့တွေလည်း ကျန်းမာရေးအဆင့်အတန်း မြင့်တက်လာတော့မှာပါ။"

ကိုအောင်ဆန်းယုနေတဲ့ သရက်ချဉ်ကျေးရွာက ဆင်ဖြူကျွန်းတိုက်နယ် မိုးဝန်းကျေးလက်ကျန်းမာရေးဌာနခွဲ အတွင်း စလင်း-ဆင်ဖြူကျွန်း ကားလမ်းဘေးမှာ တည်ရှိပါတယ်။ ထို့ပြင် ရွှေဘုံသာ၊ သမြင်ကင်း၊ မိုးဝန်း ကျေးလက်ကျန်းမာရေးဌာနခွဲတွေနဲ့ သိပ်မဝေးပါဘူး။ အခုဆိုရင် အဲဒီကျေးလက်ကျန်းမာရေးဌာနခွဲတွေထဲက ကျေးရွာ(၁၂) ရွာမှာ တောထိုင်ဓလေ့ကင်းစင်ပြီး ရွာလုံးကျွတ် ယင်လုံအိမ်သာသုံး စံပြကျေးရွာများအဖြစ် ၂၀၂၀ ခုနှစ် မတ်လမှာ ကြေငြာခဲ့ပြီးပဲ ဖြစ်ပါတယ်။

“ယခင်က အိမ်သာကို မြေကျင်းတူးပြီး ဆောက်ကြတာ များတယ်။ မြေကျင်းတွေရဲ့ပြဿနာက ရေဝင်တယ်၊ မြေပြိုကျတယ်၊ ကြွက်တွေ ဝင်ဖောက်တယ်၊ တစ်နှစ် တစ်ခါလောက် ကျင်းပြန်ပြန်တူးနေရတယ်။ အဲဒီလို ခဏခဏ မတူးချင်ကြတော့ ကျောက်ခွေ(ကွန်ကရစ်ခွေ) တွေ ဝယ်သုံးလာကြတယ်။ ကျောက်ခွေမှာက ခုနလိုပြဿနာတွေ မရှိတော့ဘူး။ ပြီးတော့ သန့်ရှင်းသပ်ရပ်မှုအတွက် ပိုကောင်းလာတယ်။ ဒီနယ်တဝိုက်မှာတော့ ကျောက်ခွေတွေနဲ့ပဲ ဆောက်လာကြပါပြီ။ အခုနောက်ပိုင်း ကြွေခွက်အိမ်သာတွေလည်း အသုံးများလာတယ်။ ကျန်းမာရေးဌာနတွေဘက်ကလည်း ယင်လုံအိမ်သာနဲ့ပတ်သက်ပြီး စီမံချက်တွေလုပ်ဆောင်နေတော့ တော်တော်လေး တိုးတက်လာပြီလို့ ပြောလို့ရပါတယ်” ရွှေဘုံသာ ကျေးလက်ကျန်းမာရေးဌာနခွဲက ဘက်စုံသားဖွားဆရာမ ဒေါ်မေသဲနွယ်က ဆိုသည်။

UNICEF ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ပူးပေါင်း၍ လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးလုပ်ငန်းတွေကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းက စလင်း၊ ပွင့်ဖြူနဲ့ ငဖဲမြို့နယ်တွေမှာ လုပ်ဆောင်လာခဲ့တာ ၂၀၁၉ ခုနှစ် မေလကတည်းက ဖြစ်ပြီးတော့ အခုဆိုရင် တောထိုင်ဓလေ့ကင်းစင်ပြီး ယင်လုံအိမ်သာသုံးစွဲတဲ့စံပြကျေးရွာ စုစုပေါင်း(၁၃၆) ရွာထိ ရှိလာပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း