Print
News and Activities
Hits: 1697

ကမန်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ မစုမွန်လှိုင်ဟာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေး ပညာပေးသူ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ဝင်ငွေရရှိဖို့မိသားစုလုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်လျက်ရှိပါတယ်။

2

ပြီးခဲ့တဲ့ နှစ်ကတော့ ကမ်းခြေက ဟိုတယ်တစ်ခုမှာ House Keeper အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် Covid-19 ရောဂါဖြစ်ပွားနေစဉ် အတောအတွင်း ဝန်ထမ်းလူဦးရေ လျော့ချစဉ်တွင် သူမရဲ့ အလုပ်ကို စွန့်လွှတ်ခဲ့ရပါတယ်။ သူမက ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်တစ်ယောက်အနေနဲ့ မကြာခဏ လုပ်အားပေးဖြစ်ခဲ့ပါတယ်။ အဲလို လုပ်အားပေးမှုတွေကြောင့် ကျေးရွာမှာရှိတဲ့ ကမန်တိုင်းရင်းသားအဖွဲ့ဝင်တစ်ယောက်နဲ့ချိတ်ဆက်မိပြီး သူမဟာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရဲ့ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

" ပြီးခဲ့တဲ့ တစ်နှစ်လောက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကနေ ပြုလုပ်တဲ့ သင်တန်းတစ်ခုကို သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားရောက်တက်ရောက်ခဲ့ပြီးနောက်မှာတော့ Peer Educator အဖြစ်နဲ့အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်အားတဲ့အချိန်မျိုးတွေမှာ ကျန်းမာရေးပညာပေးတာမျိုးတွေ လုပ်ဖြစ်တယ်။ ညဘက်အားရင်တောင် ညဘက် လူတွေခေါ်ပြီး လုပ်လိုက်ရတာမျိုးရှိတယ်။ ရှေ့လကတော့ သုံးပွဲလောက် လုပ်ဖြစ်တယ် "

သူမ ဝေမျှပေးနေရတာက မျိုးဆက်ပွား ကျန်းမာရေးနဲ့ ဆိုင်တဲ့ အသိပညာတွေဖြစ်တာကြောင့် ဆွေးနွေးတဲ့အချိန်မှာတော့ အခက်အခဲမရှိပေမယ့် ဆွေးနွေးပွဲလုပ်ဖို့ရပ်ရွာအကြီးအကဲတွေဆီ ခွင့်ပြုချက်တောင်းခံရတာတော့ နားလည်မှုလွဲပြီး ခွင့်မပြုပေးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

''ကိုယ်က ဆိုင်ကယ်မစီးတတ်တော့ သွားရေးလာရေးမှာ အခက်အခဲရှိသလို ဆွေးနွေးပွဲ လုပ်ဖို့ ရွာက အကြီးအကဲတွေနဲ့ ညှိနှိုင်းရမှာလည်း အခက်အခဲတွေ ရှိပါတယ်။ လူငယ်တွေကို ဆွေးနွေးနေတဲ့ အချိန်မျိုးမှာလည်း လူကြီးတွေပါဝင်လာလို့ တစ်ချို့တွေဆို အပြင်ထွက်ထိုင်လိုက်တာမျိုးတွေ ရှိတယ်" လို့ သူမက ဆိုပါတယ်။

ဒါပေမယ့် လူငယ်တွေကတော့ သူမရဲ့ဆွေးနွေးချက်တွေကို လက်ခံလေ့ရှိပြီး စိတ်ဝင်စားမှု ရှိကြတယ်လို့လည်း သူမရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

Covid-19 ရောဂါ နဲ့ပက်သက်ပြီးတော့လည်း သူမနေထိုင်တဲ့ ကျေးရွာ အဝင်အထွက်တွေမှာ လူငယ်တွေနဲ့ပူးပေါင်းပြီး Mask နဲ့ လက်သန့်ဆေးရည်တွေကို ဝေမျှပေးတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရောဂါနဲ့ ပက်သက်တဲ့ သတင်းအမှားတွေကို ရပ်ရွာထဲ ပြန်နှံ့မှု မရှိအောင် ကူညီပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးမှုတွေ လုပ်ကိုင်တဲ့အချိန်မှာ မိန်းမသားတစ်ဦးလည်းဖြစ်တဲ့အတွက်ကြောင့် တစ်ချို့နေရာတွေကို သွားရင်တော့ လုံခြုံရေးက သူမအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သူမအတွက် စိုးရိမ်ပူပန်မှုရှိပြီး တားမြစ်မှုတွေကိုတော့ တခါတလေ ကြုံရလေ့ရှိတယ်လို့သူမက ဆိုပါတယ်။

မစုမွန်လှိုင်ဟာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နဲ့ အတူ လက်တွဲပြီး ဆယ်ကျော်သက်အရွယ်နှင့်ပက်သက်သော ပြောင်းလဲမှုများ၊ မျိုးဆက်ပွားကျန်းမာရေး၊ အရွယ်မတိုင်မီကိုယ်ဝန်ဆောင်ခြင်း ၊ လူငယ်နှင့် မူးယစ်ဆေး ၊ ကာယိန္ဒြေ ပျက်ပြားစေမှု ၊ လူငယ်နှင့် ကျား မ ရေးရာ နှင့် လူငယ်ဘ၀ အနာဂတ်ရေးရာ စတာတွေကို သံတွဲမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ သွားရောက်ပြီး လူငယ်တွေနဲ့အတူ ပညာပေးဆွေးနွေးမှုတွေ ပြုလုပ်နေသူ တစ်ဦးဖြစ်ပါတယ်။

IMG 20200617 143955

Access To Health Fund ကနေ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်းပြီး မျိုးဆက်ပွားကျန်းမာရေးနဲ့ပက်သက်တဲ့ ဗဟုသုတတွေ မျှဝေဖို့ ၊ လူငယ်အများစု လက်ခံထားတဲ့ မှားယွင်းတဲ့ အယူအဆတွေကို ပယ်ဖျက်နိုင်ဖို့၊ မျိုးဆက်ပွားကျန်းမာရေးကိစ္စတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့ နဲ့တခြားလူငယ်တွေကို ထပ်ဆင့်ပညာပေးနိုင်စေဖို့ရည်ရွယ်ပြီး ကူညီထောက်ပံ့မှုတွေ ပေးလျက်ရှိပါတယ်။