Print
News and Activities
Hits: 1420

အသက် (၂၁) နှစ်အရွယ် ကိုညီညီကျော်ဇင်သည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ၊မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသူတစ်ယောက်ဖြစ်သည်။

တောင်ကုတ်မြို့နယ်အတွင်းရှိ လူငယ်များအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စေတနာ့ဝန်ထမ်းအဖြစ် မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးပေးနေသူ တစ်ယောက် ဖြစ်သည်။

" နယ်မှာကျတော့ ကျန်းမာရေးအသိက သိပ်မရှိတော့ သူတို့တွေကို ကိုယ်တက်နိုင်တဲ့ဘက်ကနေ နည်းလမ်းတွေ မျှဝေပေးချင်တာ။ အဲတာကြောင့် ခုလိုမျိုး စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ဖြစ်တာ '' ဟု စေတနာ့ဝန်ထမ်းအလုပ်အား လျှောက်ဖြစ်သည့်အကြောင်းကို ဆိုသည်။

03

" စေတနာ့ဝန်ထမ်းဖြစ်သွားတော့ လူငယ်တွေနဲ့ မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးတာမျိုးတွေကို သုံးလမှာ ၁၈ ကြိမ်လောက် ပြုလုပ်ရပါတယ်" လို့ စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့အတွေ့အကြုံ ကို ကိုညီညီကျော်ဇင်က ခုလိုပြောပြပါတယ်။

ဆယ်ကျော်သက်အရွယ်တွေကို မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးတာမျိုးတွေဟာ တစ်ကြိမ် ဆွေးနွေးရုံနဲ့ မှတ်မိတာမျိုး မဟုတ်တဲ့အတွက် အကြိမ်ကြိမ်အခါခါ ဆွေးနွေးပေးရတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဆွေးနွေးတဲ့အချိန်မှာလည်း ယောက်ျားလေး ၊ မိန်းကလေး ရောနှောပြီး ဆွေးနွေးတာမျိုး ပြုလုပ်လေ့မရှိဘဲ သီးခြားစီ ခွဲဆွေးနွေးရကြောင်း သူက ပြောပြပါတယ်။

" မျိုးဆက်ပွားကျန်းမာရေးအသိပညာဟောပြောမှုတွေကို ပြုလုပ်တဲ့အခါမှာ ယောက်ျားလး၊ မိန်းကလေး ရောပြီး ပြုလုပ်မှု မပြုဘဲ အဖွဲ့ခွဲပြီး ပြုလုပ်ပါတယ်။ ဒါမှသာ ရှက်ရွံ့မှုတွေမဖြစ်ဘဲ ဝင်ရောက်ဆွေးနွေးမှုတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ် " ဟု သူက ဆိုသည်။

ကိုညီညီကျော်ဇင်သည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် လက်တွဲ၍ ဆယ်ကျော်သက်အရွယ်နှင့်ပက်သက်သည့် ပြောင်းလဲမှုများ၊ မျိုးဆက်ပွားကျန်းမာရေး၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ လူငယ်နှင့် မူးယစ်ဆေး၊ ကာယန္ဒြေ ပျက်ပြားစေမှု၊ လူငယ်နှင့်ကျား မရေးရာ နှင့် လူငယ့်ဘ၀ အနာဂါတ်ရေးရာ စသည့် အကြောင်းများအား တောင်ကုတ်မြို့နယ်အတွင်းရှိ လူငယ်များထံ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးနေသူ တစ်ဦးဖြစ်သည်။

"ကိုယ့်ရဲ့ ရှေ့မှာ မူးယစ်ဆေးဝါးစွဲနေတဲ့ လူငယ်တွေ ၊ လိင်မှုဆိုင်ရာနဲ့ ပက်သက်ပြီး မှားယွင်းခဲ့တာတွေရှိတဲ့ လူငယ်တွေကို တွေ့ခဲ့ဖူးတယ်။ အဲ့တော့ သူတို့ကို ကိုယ်သိထားတဲ့ နည်းမှန်လမ်းမှန်တွေကို ပြောပြဖြစ်တယ်။ ခံယူချက်တွေမှားနေရင်လည်းပြောပြပေးတယ်။ ဒီမှာရှိတဲ့ လူတွေက မှားယွင်းတဲ့ ကိုယ်ဝန်တားတဲ့နည်းလမ်းတွေကို လက်ခံထားကြတာတွေရှိတယ်။ အဲ့ဒါတွေကို မပြုလုပ်အောင် ဆွေးနွေးမှုတွေကို ပြုလုပ်ပေးပါတယ် " ဟု ဆိုသည်။

04

မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးခြင်းသည် လွယ်ကူလှသော ကိစ္စမဟုတ်သည့်အတွက် အခက်အခဲကြုံတွေ့ရသည်များလည်း ရှိကြောင်း သူကဆိုသည်။

" မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောမှုတွေ ပြုလုပ်နေချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ကိုယ်သုံးလိုက်တဲ့ အသုံးအနှုန်းတွေက ရွာကလူတွေအတွက် နားရှက်စရာမျိုး ဖြစ်နေတတ်တယ်။ ဒါပေမယ့် တစ်ချို့အသုံးပြုရမယ့် စကားလုံးတွေက ယဉ်ကျေးစွာ ပြောလို့မရတဲ့အပိုင်းတွေရှိတယ်။ အဲ့တော့ ဒီစကားလုံးတွေက သူတို့တွေနဲ့အံဝင်ခွင်ကျမဖြစ်တော့ နည်းနည်းလေးလောက် အခက်အခဲတွေ့တာပေါ့ ။ ယဉ်ကျေးတဲ့ အသုံးအနှုန်းသုံးပြန်တော့ သူတို့နားမလည်တာမျိုးတွေရှိတယ်။ အဲ့ဒီအခက်အခဲလေးတွေတော့ ရှိပါတယ်။
တစ်ချို့ဆွေးနွေးပွဲတွေလို မျိုးမှာဆိုရင် လူကြီးတွေက ဝင်နားထောင်တာမျိုးတွေရှိတော့ သူတို့ကို တောင်းပန်ပြီး ပြန်လွှတ်တာမျိုးတွေရှိတယ်။

လူငယ်တွေရဲ့စကားဝိုင်းထဲလူကြီးတွေဝင်ရောက်လာရင်လည်း ဆွေးနွေးပွဲကို အဟန့်အတားဖြစ်တာမျိုးတွေရှိတယ်။ လူကြီးတွေပါရင် လူငယ်တွေက ရှက်ရွံ့ပြီး ဝင်ရောက်ဆွေးနွေးတာမျိုးတွေ မရှိကြတော့ဘူး။ ဒါကြောင့် သူတို့ကို နားလည်အောင် ပြောပြပြီး ဆွေးနွေးပွဲအပြင်ဘက်ကို ထွက်ခွာစေတာမျိုး ပြုလုပ်ပါတယ် " ဟု ကြုံတွေ့ရသော အခက်အခဲများကို ဆိုသည်။

အခက်အခဲများ ကြုံတွေ့ရသော်လည်း ခွန်အားပြည့်လူငယ်တစ်ယောက်ဖြစ်သည့် ကိုညီညီကျော်ဇင်မှာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ကိုပင် ပျော်နေတတ်သည်။ ထို့အပြင် ဆွေးနွေးမှုများပြုလုပ်ရန် တစ်နေရာမှ တစ်နေရာသို့ သွားလာနေရသည်မှာ သူ၏ ပျော်ရွှင်မှု ဖြစ်နေပေသည်။

ကိုညီညီကျော်ဇင်ကဲ့သို့ ရခိုင်လူငယ်များ၊ ကမန်လူငယ်များ ၊ ချင်းလူငယ်များနှင့် ဗမာလူငယ်များသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဦးဆောင်ပြုလုပ်သည့် မျိုးဆက်ပွားကျန်းမာရေးနှင့် ထပ်ဆင့်ပညာပေး သင်တန်းများကို တက်ရောက်ကြပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအား အသိပညာများဖြန့်ဝေပေးလျက်ရှိပါတယ်။

Access To Health Fund အနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်းပြီး မျိုးဆက်ပွားကျန်းမာရေးနှင့် ပက်သက်သည့် ဗဟုသုတများကို မျှဝေခြင်း၊ လူငယ်အများစု လက်ခံထားသည့် မှားယွင်းသည့် အယူအဆများအား ပယ်ဖျက်နိုင်ပြီး
မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် နှင့် တခြားလူငယ်များအား ထပ်ဆင့်ပညာပေးနိုင်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် စီမံချက်များဆောင်ရွက်လျှက်ရှိသည်။