Print
News and Activities
Hits: 1008
ရန်ကုန် (စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ၏ (၂၀၂၀) ခုနှစ် ဒုတိယလေးလပတ်အစည်းအဝေးကို စက်တင်ဘာလ (၂၆) ရက်က Online မှ တဆင့် ကျင်းပပြုလုပ်ခဲ့သည်။

 Sep20 11 1

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ၏ (၂၀၂၀) ခုနှစ် ဒုတိယလေးလပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ နှင့် ဘဏ္ဍာရေးအစီရင်ခံစာများ ဖတ်ကြားခြင်း နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၂၀) ပြင်ဆင်ချက်များ အတည်ပြုနိုင်ရေး၊ နေပြည်တော်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး အဆောက်အဦးတည်ဆောက်ရေး၊ ရန်ကုန်မြို့တွင်လည်း ရုံးအဆောက်အဦး တိုးချဲ့ ဆောက်လုပ်နိုင်ရေး နှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
 
ဒုတိယလေးလပတ် အစည်းအဝေးကို Skype Application အသုံးပြု၍ Online မှ တဆင့် ယနေ့နံနက် (၉) နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နာယက ဆရာကြီးများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင် ဥက္ကဌ ဦးမြသွင်၊ ဒုတိယ ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကိုနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် ဥက္ကဌများ ပါဝင်ခဲ့သည်။
 
အစည်းအဝေးအဖွင့်အမှာ စကားကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နာယက ဆရာကြီး ဦးစိုးတင့် နှင့် ဥက္ကဌ ဦးမြသွင်တို့မှ အသီးသီး ပြောကြားခဲ့သည်။
Sep20 11 8
နာယက ဆရာကြီး ဦးစိုးတင့်မှ ပြောကြားရာတွင် Covid-19 ရောဂါကာလတွင် အားလုံး ကျန်းမာချမ်းသာကြောင်းကြားသိရသည့်အတွက် ဝမ်းသာပါကြောင်း၊ ယခုကဲ့သို့ Online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက်လည်း ဝမ်းမြှောက်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကြီးအနေဖြင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် ကဏ္ဍအရပ်ရပ်မှ ထိထိရောက်ရောက် ပါဝင်လုပ်ဆောင်နိုင်ရေး ဆွေးနွေးကြစေလိုကြောင်း၊ Covid-19 ရောဂါကာလတွင် အားလုံးကျန်းမာအောင် ဂရုစိုက်နေထိုင်ကြစေလိုကြောင်း မှာကြားခဲ့သည်။
 
ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လက်ရှိဆောင်ရွက်လုပ်ကိုင်နေသည့် အသင်းရေးရာ ကိစ္စရပ်များ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ပါဝင်လုပ်ကိုင်လျှက်ရှိသည့် ကိစ္စရပ်များ၊ ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကောင်စီဥပဒေ နှင့် ကောင်စီဖွဲ့စည်းရေး ကိစ္စရပ်များ၊ Covid-19 ရောဂါ ကာလ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ထောက်ပံ့ကူညီရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒုတိယ ဥက္ကဌ ဦးဌေးအောင်မှ ဆွေးနွေးမည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ဖတ်ကြားရှင်းလင်းခဲ့ပြီး ပါဝင်တက်ရောက်သူများ၏ ဆွေးနွေးအတည်ပြုချက်များ ရယူခဲ့သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၂၀) ပြင်ဆင်ချက်များ အတည်ပြုနိုင်ရေး၊ နေပြည်တော်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး အဆောက်အဦးတည်ဆောက်ရေး၊ ရန်ကုန်မြို့တွင်လည်း ရုံးအဆောက်အဦး တိုးချဲ့ ဆောက်လုပ်နိုင်ရေး၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရေး၊ Strategic Plan ကို ခေတ်နဲ့လျော်ညီစွာ ပြင်ဆင်ဖြည့်စွက် ရေးဆွဲနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်နိုင်ရေး စသည့် အထွေထွေကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အတည်ပြုဆုံးဖြတ်ချက်အချို့ ချမှတ် အတည်ပြုနိုင်ခဲ့သည်။
ထို့အပြင် အစည်းအဝေးတွင် ရာထူးမှ နှုတ်ထွက်သွားသည့် တွဲဖက်အတွင်းရေးမှူး ဦးစောရွှေချိန်နေရာတွင် ဦးသန်းဌေးအောင် (ဥက္ကဌ-ပဲခူးအနောက်) အား ဗဟိုအမှုဆောင်များ၏ အတည်ပြုရွေးချယ်မှုဖြင့် အစားထိုးခန့်အပ်ခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒုတိယလေးလပတ်လုပ်ငန်း အစီရင်ခံစာကို အတွင်းရေးမှူး ဦးဇော်နိုင်မှ ဖတ်ကြားရှင်းလင်းခဲ့ပြီး၊ ဘဏ္ဍာရေးအစီရင်ခံစာကို ဘဏ္ဍာရေးမှူး ဦးကိုကိုမှ ဖတ်ကြားရှင်းလင်းခဲ့ပါတယ်။
 
Online မှတဆင့် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ၏ (၂၀၂၀) ခုနှစ် ဒုတိယလေးလပတ်အစည်းအဝေးကို နေ့ခင်း (၁) နာရီခွဲခန့်အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးရုပ်သိမ်းခဲ့ကြသည်။
 
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း