Print
News and Activities
Hits: 958

ရန်ကုန် (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၀ ခုနှစ်)

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွယ်လွန်သူ ကျန်းမာရေးမှူး (ဦးနေလင်းဦး)၏ ကျန်ရစ်သူမိသားစုအား နာရေးထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ ကွယ်လွန်သူ ဦးနေလင်းဦး၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)နာယက ဆရာကြီး ဦးအေးမြင့် ၊ (ဗဟို) ဥက္ကဌ ဦးမြသွင်၊ဒုတိယ ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး ) ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Nov1 00 1

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း မှ ကွယ်လွန်သူ ဦးနေလင်းဦး အပါအဝင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရင်း ရောဂါကူးစက်ခံလိုက်ရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုဂရုဏာအမှာစကားပြောကြားခဲ့ပါသည်။


"ကျန်းမာရေးမှူးတစ်ယောက်ဆုံးရှုံးမှုဟာ ကြေကွဲစရာလည်းဖြစ်တယ်။ ဂုဏ်ယူစရာလည်းဖြစ်တယ်။ သူ့ရဲ့လုပ်ဆောင်မှုအတွက် အသိအမှတ်ပြုတဲ့ ပွဲလည်းဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ရဲ့နှလုံးသားနဲ့ဦးနှောက်ထဲမှာ ကမ္ဗည်းတင်ထားမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ ကျရောက်လာတဲ့ ကပ်ရောဂါကို စွမ်းစွမ်းတမံ ကာကွယ်ကုသပေးခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို အများကြီး ကျေးဇူးတင်ပြီး အသိအမှတ်လည်း ပြုပါတယ်။ နောက်ပြီးတော့ ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားဟာ ဝမ်းမြောက်စရာတစ်ခုလည်းဖြစ်ပါတယ်။
တစ်ကယ်ဆိုရင် ဒီလိုကိစ္စဟာ အစိုးရကိုယ်တိုင်ဆောင်ရွက်ပေးရမယ့် ကိစ္စဖြစ်ပါတယ်။ ကျန်းမာရေးမှူးအသင်းကနေပြီးတော့ ကိုယ်စားဆောင်ရွက်ပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့က အများကြီး ကျေးဇူးတင်ပါတယ်။


တစ်ခုပြောချင်တာကအားလုံးတွေ့မြင်နေရတဲ့အတိုင်းရွေးကောက်ပွဲမှာအောင်မြင်နေကြလို့အုပ်စုလိုက်ပျော်ပါးနေကြတာကို အများဆုံး တွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့အတတ်နိုင်ဆုံး ဒီပွဲတွေကို ရပ်တန့်ဖို့ ၊ ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ မေတ္တာရပ်ခံချက်တွေအများကြီးနဲ့ ကျွန်တော်တို့ ကြိုးစားနေပါတယ် " ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

Nov1 00 3Nov1 00 4

ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နာယက ဆရာကြီး ဦးအေးမြင့်မှ ဂရုဏာအမှာစကားပြောကြားခဲ့သည်။


" ညီညွတ်ခြင်းသည် အင်မတန်မှ မင်္ဂလာရှိသော စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေဟာ ညီညွှတ်တဲ့အကြောင်းကို ဒီအခမ်းအနားမှာ ထင်ထင်ရှားရှားပြလိုက်တာလို့ ပြောချင်ပါတယ်။ ကပ်ရောဂါဘေးဆိုးခြင်း ကျရောက်တဲ့ အချိန်မှာ အသက်စွန့်ပြီး စွမ်းစွမ်းတမံဆောင်ရွက်သွားတဲ့ ဦးနေလင်းဦး ရဲ့စွမ်းဆောင်ချက်ကို ကျွန်တော်တို့အသိအမှတ်ပြုသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့လွှတ်တော်ကိုယ်စားလှယ် ဦးညီညီတို့က အင်မတန်များမြောင်တဲ့ နိုင်ငံတာဝန်တွေရှိတဲ့ကြားက ဒီအခမ်းအနားကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ရသလို ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေကို ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်လို့ခံစားရတဲ့အတွက်လည်း အင်မတန်မှ ဝမ်းမြောက်မိပါတယ်။ ဦးနေလင်းဦးကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့ရဲ့ညီညွတ်မှုကိုလည်း မျက်မြင်တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ လက်ရှိကျန်းမာရေးမှူးအသင်းကို ဦးဆောင်နေတဲ့ အမှုဆောင်အဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုတွေကြောင့်လို့မြင်ပါတယ်။ သူတို့ရဲ့ကိုယ်စားလည်း ကျွန်တော် ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှ ထပ်မံ၍ ဂရုဏာအမှာစကားပြောခဲ့သည်။
" ကျန်းမာရေးမှူးတွေအကုန်လုံးဟာ ညီညွတ်ပြီး စုစည်းမှု ရှိကြပါတယ်။ အသက်အရွယ်ကြီးတဲ့ ကျန်းမာရေးမှူးတွေဟာလည်း တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးနေတာကို တွေ့မြင်ရပါတယ်။ ကွယ်လွန်သူ ဦးနေလင်းဦးဆိုတာကလည်း တိုက်ပွဲတွေကြားကနေ ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့တော့ ကွယ်လွန်သူ ဦးနေလင်းဦးရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုကိုယ်စား အင်မတန်မှ ဝမ်းနည်းမိပါတယ် ဆိုတာကို ပြောကြားလိုပါတယ်။ ခုလိုမျိုး ထောက်ပံကူညီပေးတာဟာလည်း ကျန်ရစ်သူ မိသားစုအတွက် ပူပင်သောကကို ငြိမ်းစေပါတယ်။ " ဟု ဂရုဏာစကားပြောခဲ့ပါသည်။

Nov1 00 7Nov1 00 6

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဆရာ ဦးမြသွင်မှ နာရေး ထောက်ပံ့ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
" ဦးနေလင်းဦး တိုင်းပြည်တာဝန်ကို ကြိုးစားဆောင်ရွက်ရင်း တိုက်ပွဲကျသွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးမှူးတွေရဲ့ရင်ထဲမှာလည်း ဝမ်းနည်းပက်လက်ဖြစ်ရပါတယ်။ ဦးနေလင်းဦးရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ ကျွန်တော်တို့ဟာ အမြဲတမ်းဂုဏ်ယူနေမယ်။ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှလည်း ကိုနေလင်းဦး၏ သားအား ကျန်းမာရေးဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဦးနေလင်းဦးလုပ်ခဲ့တဲ့အတိုင်းပဲ ကျန်တဲ့ ကျန်းမာရေးမှူးတွေဟာ နောက်မတွန့်ဘဲ တိုင်းပြည်တာဝန်တွေကို ဆက်လက်လုပ်ဆောင်နေကြအုံးမှာဖြစ်ပါတယ်" ဟု ဂုဏ်ပြု ဂရုဏာစကားပြောကြားခဲ့ပြီး ယခုကဲ့သို့ ထောက်ပံ့နိုင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသော မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင်မှ ပြည်နယ်၊ တိုင်းဒေသကြီးအသင်း နှင့် လူပုဂ္ဂိုလ်အသီးသီးတို့မှ ထောက်ပံ့မှုများအား ဖတ်ကြားတင်ပြခဲ့သည်။

Nov1 00 8Nov1 00 7


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)ဥက္ကဌ ဆရာဦးမြသွင်မှ ကွယ်လွန်သူ ဦးနေလင်းဦး၏ ကျန်ရစ်သူ မိသားစုဝင်များအား နာရေးထောက်ပံငွေ ကျပ် ( 14,790,500 ) တိတိကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးမှူးများ နှင့် ကျန်းမာရေးဝန်ထမ်းမိသားစုများမှ 1,408,000 ကျပ်တိတိကို ပေးအပ်ခဲ့ပါသည်။
ကွယ်လွန်သူ ဦးနေလင်းဦး၏ ကျန်ရစ်သူ ဇနီးဖြစ်သူမှ ထောက်ပံငွေပေးအပ်မှုအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

 

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း