Print
News and Activities
Hits: 1771
ရန်ကုန် ( ဒီဇင်ဘာလ ၂၈ရက် ၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Access to Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော Real Project (Kachin) Annual Review Meeting (2020) ကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် virtual platform (အွန်လိုင်း) ဖြင့်ပြုလုပ်ခဲ့ပါသည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင် ၊ ဒုတိယဥက္ကဌ ဦးဌေးအောင် ၊ စီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်းမန်နေဂျာများ၊ စီမံချက်မန်နေဂျာနှင့် စီမံချက်အရာရှိများ တက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ်အတွင်းရှိ စီမံချက်ဝန်ထမ်းများမှလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြကာ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
၂၀၂၀ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ စီမံချက်ဝင် (၄) မြို့နယ်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများနှင့် နယ်မြေခံအခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးမှူးအသင်းဝင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုများ ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ စီမံကိန်းအောင်မြင်မှုအပေါ် စီမံချက်ဝန်ထမ်းများအား ဂုဏ်ပြုပြောကြားခဲ့သည်။ အသင်းရှိ စီမံကိန်းအပြောင်းအလဲများကို အသင်းဝင်များနှင့် စီမံချက်ဝန်ထမ်းများအား အသိပေးပြောကြားခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရပ်များကိုလည်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
IMG 1593.jpg1
ထို့အပြင် အသင်းဝင်ကျန်းမာရေးမှူးများနှင့် စီမံချက်ဝန်ထမ်းများအနေဖြင့် အသင်းအပေါ်အထင်အမြင်လွဲမှားစေနိုင်သည့် အရေးအသားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားနေမှုများအား ဆင်ခြင်သတိပြုရှောင်ရှားကြပါရန် သတိပေး ပြောကြားခဲ့သည်။
 
ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မှ ဆက်လက်ပြောကြားရာတွင် " ၂၀၂၀ ခုနှစ်မှာ Covid-19 ဘေးဆိုးကြီးကနေ ကာကွယ်ရင်းနဲ့ စီမံချက်အောင်မြင်အောင်လို့ ကြိုးစားဆောင်ရွက်ခဲ့ကြတာကို အထူးကျေးဇူးတင်ရှိပါတယ်။ စီမံချက်မြို့နယ်တွေမှာ သွားလာရေးခက်ခဲတဲ့ ဒေသတွေ၊ ကန့်သတ်နယ်မြေတွေရှိပါတယ်။
အဲလိုအခြေအနေတွေမှာ သွားလို့ရတဲ့နေရာတွေအထိရောက်အောင် ကြိုးစားဆောင်ရွက်ပေးတဲ့အတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါတယ်။ စီမံချက်ဒုတိယစာချုပ်သက်တမ်းမှာလည်း ဆရာတို့၊ ဆရာမတို့ကို အထူးကြိုးစားစေချင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း စိတ်သစ်၊လူသစ်၊ အားအင်သစ်တွေနဲ့ စီမံချက်ကြီးအောင်မြင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်" ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။
 
ထို့နောက် စီမံကိန်းနှင့်စီမံချက်ဝန်ထမ်းများမှ စီမံကိန်း၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများ၊ စီမံချက်၏ လုပ်ငန်းအောင်မြင်မှုများ၊ အခက်အခဲအတားအဆီးများ နှင့် အခြားစီမံချက်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း