ဂွမြို့၊ (၁၊ မတ်လ၊ ၂၀၁၉)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (MHAA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီစွာ ရရှိရေး” စီမံချက် (Promoting Access to Health Project in Rakhine State) ၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိရှင်းလင်းခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် (၁၀ : ၀၀ ) နာရီ မှ (၁၁ : ၀၀) နာရီ အထိ ဂွမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ မြို့နယ်အထွေထွေဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ် ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ NGO၊ INGO အဖွဲ့များမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာမြို့နယ်အထွေထွေဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဖြိုးဝေလင်း နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်တို့က ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်မှာစကား ပြောကြားခဲ့ကြပါသည်။

8 f 3

ဆက်လက်၍ မြန်မာနိုင်ငံကျန်း မာရေးမှူးအသင်းမှ ဒု-ဗဟိုစီမံကိန်း မန်နေဂျာ ဦးစနေလင်းက အသင်းဖြစ်ပေါ်လာပုံ၊ အသင်း၏ လူထုအကျိုးပြုလုပ်ငန်းများ၊ ဆောင်ရွက်နေဆဲ စီမံချက်လုပ်ငန်များ အကြောင်းကို ကြွရောက်လာကြသူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စီမံချက်အရာရှိ ဦးထွန်းထွန်းနိုင်က ဂွမြို့နယ်မှာ Access to Health အထောက်အပံ့ဖြင့် စတင်ဆောင်ရွက်မည့် ဒေသတွင်းစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးစီမံချက်အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းတင်ပြခဲ့ပါသည်။

8 f 2


ဂွမြို့နယ်ကျန်းမာရေးမှူးအသင်း ဥက္ကဌဦးသန်းဌေးက တက်ရောက်လာသော ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများအား ဂွမြို့နယ်တွင် ယခုလို စီမံချက်များ လာရောက်လုပ်ဆောင်သည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာကောင်းစံမြတ်က နိဂုံးချုပ်အမှာစကား ပြောကြား ပြီး စီမံချက်အောင်မြင်ရန် လိုအပ်သည်များကို မှာကြားခဲ့သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း