ရန်ကုန် (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) စုံညီဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ (၁၈) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဦးထွန်းကြည် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( ရန်ကုန်တိုင်းဒေသကြီး) မှ ဆောင်ရွက်နေသော ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်များနှင့်ပတ်သက်ပြီး အသင်းဝင်များသိရှိစေရန်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ ဆောင်ရွက်နေသောလုပ်ငန်းများအား ရှင်းလင်းတင်ပြနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးရန်၊ သြဂုတ်လကုန်တွင်ကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) ၏ နှစ်ပတ်လည် စုံညီဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ခွဲဝေပေးအပ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးမြသွင်မှ အသင်းမှဆောင်ရွက်နေသောလုပ်ငန်းများအကြောင်းနှင့် သြဂုတ်လကုန်တွင် ပြုလုပ်မည့် စုံညီဆွေးနွေးပွဲတွင် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် သြဂုတ်လကုန်တွင် ကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) စုံညီဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးကြီးကြပ်များအားလုံး ပါဝင်တက်ရောက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာအသင်းဝင်များကို မှာကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ နာယကဆရာကြီးများမှလည်း လမ်းညွှန်အမှာစကားအသီးသီးပြောကြားခဲ့ကာ အသင်း၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ မြို့နယ်၊ခရိုင်အလိုက်ကိုယ်စားလှယ်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့ကြကာ အထွေထွေကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြသည်။

အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ နာယကဆရာကြီးများ၊ ဗဟိုအသင်းမှ အတွင်းရေးမှူး ဦးဌေးအောင်နှင့် ဘဏ္ဍာရေးမှူး ဦးမျိုးတင့်၊ ရန်ကုန်တိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် ခရိုင်အလိုက် ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးကြီးကြပ်များ၊ သက်ဆိုင်ရာ မြို့နယ်၊ခရိုင်အလိုက် ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ခန့် ပါဝင်တက်ရောက်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း