အသက် ၂၄ နှစ်အရွယ် ကိုကျာဖီးသည် မိုင်းဖြတ်မြို့နယ်အတွင်းရှိ သွားလာရခက်ခဲပြီး ဝေလံခေါင်းဖျားသည့် မဟီတောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။

သူသည် ပြီးခဲ့သည့်မေလအတွင်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပြုလုပ်သော လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်းသင်တန်းတွင် ပါဝင်တက်ရောက်ခဲ့ပြီး လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျားလုပ်သား) ၊ လူထုကျန်းမာရေးလုပ်သားအဖြစ် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။

ကိုကျာဖီးသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး ကျေးရွာတွင် ဓမ္မဆရာတစ်ဦးအဖြစ်လည်း ကျေးရွာလူထုကို ဦးဆောင်သည်။ ထို့အပြင် လူထုကျန်းမာရေးလုပ်သားတစ်ဦးအဖြစ်လည်း သူ့ကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်၊ တီဘီရောဂါ၊ ငါးနှစ်အောက်ကလေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သတ်ပြီး ကျန်းမာရေးအသိပညာရပ်များ ဟောပြောပို့ချပေးနေသူ၊ ကျေးရွာကျန်းမာရေးကိစ္စရပ်များတွင် လူထုအား ကူညီပေးနေသူ တစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (REAL Project) မစတင်မီ တီဘီရောဂါနှင့်ပါတ်သက်သော ကျန်းမာရေးပြသာနာ၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် ငါးနှစ်အောက်ကလေးများရဲ့ ကျန်းမာရေး ပြဿနာများသည် မဟီတောင်ကျေးရွာအား အမြဲထိန့်လန်နေစေခဲ့ကြောင်း ကိုကျာဖီးက ပြောသည်။
မဟီကောင် ကျေးရွာသူ၊ ကျေးရွာသားအများစုမှာ လက်လုပ်လက်စားများ ဖြစ်ကြပါသည်။ ပညာရေးအခွင့်အလမ်းနည်းပါးမှု၊ သွားရေးလာရေးခက်ခဲမှု၊ စားဝတ်နေရေးအတွက် အမြဲရုန်းကန်နေရမှုများက ကျန်းမာရေးအခြေအနေများကို ပို၍နိမ့်ကျစေခဲ့ပါသည်။

“ကျွန်တော်တို့ရွာက ကျန်းမာရေးဌာန လွှမ်းခြုံနိုင်တဲ့ နေရာနဲ့ ဝေးကွာတော့ ကျန်းမာရေးကိစ္စပေါပေါက်လာတဲ့အခါ ချက်ချင်းကုသဆောင်ရွက်ပေးနိုင်မှုမရှိပါဘူး၊ ရွာက နတ်ဆေးဆရာကိုသာ အားကိုးရပါတယ်။ ” ၎င်းက ကျေးရွာ၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ ဆိုသည်။

ကုသမှုချက်ချင်းမပေးနိုင်ခြင်း၊ လွဲမှားသော ကုသမှုများဖြင့် ကုသခြင်း၊ စီးပွားရေးချိုတဲ့မှုကြောင့် မွေးမိခင်များ ဆေးရုံတွင် သွားရောက်မမွေးဖွားနိုင်ခြင်း စသောအခက်အခဲများကြောင့် လူ့အသက်များ မဆုံးရှုံးသင့်ပဲ သေဆုံးနေရကြောင်း မဟီတောင် ကျေးရွာသားများကဆိုသည်။ ကျေးရွာတွင် ဆေးလိပ်သောက်သုံးသူအများအပြားရှိသော်လည်း ကျန်းမာရေးဗဟုသုတမရှိခြင်းကြောင့် တီဘီနှင့်ပါတ်သက်ပြီး ရွာသူ၊ ရွာသားများက အလေးမထားပေ။ ထိုအခြေအနေများကြောင့် ကျန်းမာရေးနှင့်ပါတ်သက်ပြီး အဘက်ဘက်မှ တိုက်ခိုက်ခံနေရသဖြင့် ရွာသူ၊ ရွာသားများမှ မပျော်မရွှင်မှုများ ပိုမိုများပြားလာနေခဲ့ပါသည်။

၂၀၁၉ ခုနှစ် မေလတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဦးဆောင်၍ ကျေးရွာစေတနာ့ဝန်ထမ်းများအား ၂၈ ရက်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ထိုသင်တန်းတွင် ဦးကျာဖီးလည်း ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။


“သင်တန်းတက်ရောက်ပါဝင်ခွင့်ရခဲ့တဲ့အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ကျေးဇူးတင်ပါတယ်။ သင်တန်းက ရရှိခဲ့တဲ့ ကျန်းမာရေးဗဟုသုတများတွေကနေ ကျန်းမာရေးအဘက်ဘက်မှ နိမ့်ကျနေသော ကျွန်တော်တို့ရွာလေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ လက်ရှိအချိန်ထိ တီဘီသံသယလူနာ ၆ ဦး လွှဲပြောင်းနိုင်ခဲ့ပြီး တီဘီဝေဒနာရှင်လူနာ ၄ ဦး သတ်မှတ်နိုင်ခဲ့တယ်။ ပြီးတော့ အသက် ၅ နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်များကိုလည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ထောက်ပံ့မှုများပေးနေတဲ့အတွက်ကြောင့် ယခင်က ကျေးရွာအတွင်း မစုံမလင်နဲ့မွေးဖွားနေရာကနေ အခုဆိုရင် မွေးမိခင်များအားလည်း ဆေးရုံသို့ သွားရောက်၍ မွေးဖွားနိုင်အောင် ကူညီပေးလျှက်ရှိပါတယ်။ ကျေးရွာအတွင်း ကျန်းမာရေး ဟောပြောပွဲတွေလည်း လုပ်နိုင်ခဲ့တယ် ပြီးတော့ ဟောပြောပွဲတွေကတဆင့် ကူးစက်တတ်သော ရောဂါများနှင့် မကူးစက်တတ်သော ရောဂါများအားလည်း ကျေးရွာသူ၊ ကျေးရွာသားများ သတိထားမိလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေကိုလည်း MHAA မှ ဆရာများနှင့် ဆက်သွယ်၍ ချက်ချင်းဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အခုလို ကျွန်တော်တို့ရွာလေးအား ကျန်းမာရေးအဆင့်အတန်းတိုးတက်လာအောင် ထောက်ပံ့မှုများပေးနေတဲ့ MHAA အဖွဲ့အားကျွန်တော်နှင့်တကွ ကျေးရွာသူ၊ ကျေးရွာသားများမှ အထူးကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း