ရွှေကူ (နိုဝင်ဘာလ ၂၉ ရက်၊၂၀၁၉ခုနှစ်)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ အရံသားဖွားဆရာမများ မွမ်းမံသင်တန်းကို  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းသင်တန်း၏ ရည်ရွယ်ချက်များမှာ ကျန်းမာရေးဝန်ထမ်းများ သွားရောက်ရန် ဝေးလံခက်ခဲသော ဒေသများရှိ အရံသားဖွားဆရာမများ၏ ပညာရပ်ဆိုင်ရာ အရည်အချင်းများနှင့် မွေးဖွားခြင်းဆိုင်ရာ လက်တွေ့နည်းစနစ်များ တိုးမြှင့်လာစေရန်၊ ကျေးလက်နေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိစေရန်နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေရန်တို့ ဖြစ်သည်။

အရံသားဖွားဆရာမများ မွမ်းမံသင်တန်းကို   ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) ၏ ထောက်ပံ့ကူညီမှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အရံသားဖွားဆရာမ (၃၂)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝါရင့်နည်းပြဆရာကြီး/ဆရာမကြီးများနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ သင်တန်းနည်းပြဆရာများမှ စာတွေ့လက်တွေ့သင်ခန်းစာများဖြင့် သင်ကြားပို့ချပေးခဲ့ကြသည်။


 

အရံသားဖွားဆရာမများ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ (၂၉) ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါက်တာစိုင်းထွန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

သင်တန်းတက်ရောက်ခဲ့ကြသော အရံသားဖွားဆရာမများ အနေဖြင့် မိမိတို့ဒေသ ကျေးရွာများသို့ ရောက်ရှိသည့်အခါ ကျန်းမာရေး အသိပညာများကို ကျေးရွာလူထုသို့ အသိပေးဟောပြော ဆွေးနွေးကြပြီး ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စနစ်တကျ မှတ်တမ်းများ ထားရှိရန်နှင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျန်းမာရေး ဝန်ထမ်းများအချင်းချင်း အတူတကွ ချိန်ဆက်လုပ်ဆောင်ရန်လိုကြောင်း၊ သင်တန်းဆင်း ဆရာမများအနေဖြင့် အခြားသူများအတွက် သန့်ရှင်းကျန်းမာစွာနေထိုင်ရေး စံနမူနာကောင်းဖြစ်အောင် နေထိုင်ဆောင်ရွက်ကြရန်နှင့် မိမိတို့အလုပ်အလုပ်အပေါ် စေတနာထားပြီး အခြားသူများအားကူညီပေးခြင်းဖြင့် ရပ်ရွာအကျိုး၊ မြို့နယ် အကျိုးနှင့် နိုင်ငံတော်အကျိုးပါ သယ်ပိုးဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါက်တာစိုင်းထွန်းက သင်တန်းဆင်းပွဲအခမ်းအနားတွင် အမှာစကားပြောကြား ခဲ့သည်။

သင်တန်းတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ ရွှေကူမြို့နယ်၏ စီမံချက်အရာရှိ ဦးနိုင်ဇေယျာကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အရံသားဖွားဆရာမများမှ ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် Reaching Equitable Access to Health (REAL) Project နှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် အရံသားဖွားဆရာမများထဲမှ ပထမ၊ ဒုတိယနှင့်၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ AMW Kitများကို အရံသားဖွားဆရာမများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း