မြန်မာသက္ကရာဇ် ၁၃၈၁ မှ ၁၃၈၂ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာအခါသမယမှစ၍ ပြည်သူ၊ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များကိုယ်စား ကျွန်တော်တို့ ဗဟိုအမှုဆောင်အဖွဲ့မှ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက် မေတ္တာပို့သအပ်ပါသည်။

 

ယခုအချိန်ဟာ ကမ္ဘာအနှံ့အပြားတွင် Covid-19 ကူးစက်မြန်ကပ်ရောဂါတစ်ခုဖြစ်ပွားလျက်ရှိတာကြောင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

93568744 3049565481772442 4780645698230026240 o93474507 3049503675111956 6185306742272819200 o

ယခုအချိန်တွင် Covid-19 ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များသည် နိုင်ငံနှင့် ပြည်သူ/ပြည်သား တစ်ရပ်လုံးအတွက် အရေးအကြီးဆုံးလုပ်ငန်းများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့်လည်း Covid-19 ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ တတ်နိုင်သမျှ ပါဝင် ကူညီဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီပေးလျက်ရှိကြသော တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသားများ၊ စီမံချက်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် “မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃ ခုနှစ်)” ရေးဆွဲပြီး နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ပြည်သူလူထုအတွင်း “မျှတသော ကျန်းမာရေးဝန်ဆောင်မှုရရှိနေသည့် ဘဝအရည်အသွေးမြင့်မားသော လူ့အဖွဲ့အစည်း” တစ်ရပ် အပြည့်အဝတည်ဆောက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ကဲ့သို့သော ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ ဝေးလံခက်ခဲသော ဒေသများရှိ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ကျန်းမာရေးစီမံချက်များကို အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ နိုင်ငံနှင့်အဝှမ်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ ဖြစ်ပွားနေသော Covid-19 ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ရန် မိမိစိတ်ဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးသွင်းထားကြသော ကျန်းမာရေးမှူးများ၏ လိုအပ်ချက်များကိုလည်း ဗဟိုအသင်းမှ အပြည့်အဝကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နှစ်သစ်မင်္ဂလာမှာ ပြည်သူ/ပြည်သားအပေါင်းတို့ ကပ်ကြီးသုံးပါးမှ ကင်းဝေးကြပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဗဟိုအမှုဆောင်အဖွဲ့
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း