ရန်ကုန် (မေလ ၂၀ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) ပထမလေးလပါတ်အစည်းအဝေးနှင့် (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး(ဗဟို) ၊ ဦးထွန်းကြည်ခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက ဦးအေးမြင့် ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ရန်ကုန်တိုင်း နာယက ဦးစိုးတင့် ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ ခရိုင်အသင်းဥက္ကဌများ အပါအဝင် အသင်းဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

DSC00549
ပထမဦးစွာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ Covid-19 နှင့်ပက်သက်၍ အသင်း၏ လှုပ်ရှားနေမှုများကို အစည်းအဝေးတက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရန်ကုန်တိုင်းနာယက ဦးစိုးတင့်မှ အမှာစကားပြောကြားခဲ့ရာ Covid-19 ရောဂါမှာ ကျန်းမာရေးဝန်ထမ်းများ၏ ရေရှည်တိုက်ပွဲဝင်ရမည့် ရောဂါတစ်ခုဖြစ်သည့်အတွက် အမျှော်အမြင်ရှိရှိဖြင့် ကြိုးစားပေးစေလိုကြောင်း၊ ပြောင်းလဲမှုများနှင့်အတူ လိုက်ပါ၍ တိုးတက်ပြောင်းလဲသွားရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

DSC00572



ထိုနောက် ဥက္ကဌ ဦးမြသွင်မှ ရန်ကုန်တိုင်းဒေသကြီး ခရိုင်(၄) ခုတွင် covid-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အသုံးပြုရန် ငွေကျပ်ဆယ်သိန်း အကုန်အကျခံ ဆောင်ရွက်သွားမယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုအပြင် အသက် ၇၅ နှစ်နှင့်အထက် အသင်းဝင်များအား တစ်လလျှင် မြန်မာငွေ ကျပ်နှစ်သောင်း ထောက်ပံ့ရန် ၊ အသင်းဝင်များ၏ သားသမီးများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့မည်ဖြစ်ပြီး အောင်စာရင်းထွက်ပြီးသည်နှင့် စာရင်းပေးရန်၊ အသင်းဝင်များအား ရာသက်ပန်အသင်းဝင်စမတ်ကတ်အား ဓါတ်ပုံနှင့်အတူ ငွေကျပ်တစ်ထောင်ပေးသွင်း၍ စမတ်ကတ်အဖြစ် ပြုလုပ်လာကြစေရန် ဆော်သြပေးစေလိုကြောင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်အလိုက်ဥက္ကဌများမှ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် တင်ပြညှိနှိုင်းးဆွေးနွေးခဲ့ကြရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မှတ်တမ်းတင်ထားရှိရန် စသည့် လုပ်ငန်းနှင့်ပတ်သက်သည့် အချက်များအား အစည်းအဝေးတွင် တင်ပြဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း