ရန်ကုန် (ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးမှူးများ၏ လုပ်ငန်းခွင် တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဖွဲ့ကို ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ဂေဟာ ခန်းမတွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်က ကျန်းမာရေးမှူးများအတွက် ဝန်ကြီး၏ ကြိုးပမ်းလုပ်ဆောင်ပေးမှုများအားကျန်းမာရေးမှူးများကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် လုပ်ကိုင်ခဲ့မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် ဆောင်ရွက်နေသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများအကြောင်းနှင့် အကျဉ်းဦးစီးဌာနများတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေကြရသော နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးမှူးများ၏ အလုပ်ခွင်ကြုံတွေ့နေရမှုအခြေအနေများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ကျန်းမာရေးမှူးများ၏ လုပ်ငန်းခွင်အခြေအနေ ပိုမိုတိုးတက်မြင့်မားရေးအတွက် သုတေသနပြု ဆန်းစစ်လေ့လာရန်၊ ကျန်းမာရေးမှူးများ၏ လုပ်ငန်းခွင် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက် လုပ်ကိုင်လျှက်ရှိသည့် ကျန်းမာရေးစီမံချက်များနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးက Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပါဝင်ဆောင်ရွက် လုပ်ကိုင်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်၊ အတွင်းရေးမှူးဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ Program Director ဒေါက်တာသရဖီအောင် နှင့် Head of Program ဦးဆန်းလင်းဦး တို့တက်ရောက်ခဲ့ကြသည်။

ပြန်ကြားရေး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA