အသက် (၂၇) နှစ်အရွယ် ကရင်အမျိုးသမီး နော်ရင်ကြည်ဟာ ပြီးခဲ့တဲ့ (၅) နှစ် (၂၀၁၅) ခုနှစ်ကတည်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနဲ့လက်တွဲပြီး ငှက်ဖျားရောဂါ ရှာဖွေညွှန်းပို့သူ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အုန်းတောရွာမှာ နေထိုင်ပါတယ်။

(၅) နှစ်အတွင်း သူ ရှာဖွေညွှန်ပို့ပေးခဲ့တဲ့ ငှက်ဖျားလူနာရှင် အရေအတွက်ဟာ အမှတ်မိတော့လောက်အောင် များပြားနေပါပြီ။ ငှက်ဖျားလူနာရှင် ရှာဖွေညွှန်းပို့ပေးတဲ့ စေတနာ့ဝန်ထမ်းအဖြစ် အခုအချိန်ထိ ဘာလို့လုပ်ကိုင်နေဖြစ်သလဲလို့ မေးတဲ့အခါ သူမက သူ့ရပ်ရွာအတွက် အထောက်အကူဖြစ်လို့ပါ ဟု ပြန်ပြောပါတယ်။

“ဒါမျိုးလုပ်ပေးတာ ဘာအကျိုးရလဲဆိုရင် ကိုယ့်ရပ်ကွက်ထဲမှာ ဒါမျိုးလုပ်ပေးတာ အများကြီး အထောက်အကူရတယ်။ တစ်ခါတစ်လေကျရင် ဆေးရုံဆေးခန်းတွေ သွားရမယ့်သူက ကိုယ်ကတော့ သွားခိုင်းတယ်။ သူကမသွားချင်ဘူး။ သူတို့မှာ ငှက်ဖျားပိုးတွေ ရှိမှန်း သူတို့မသိဘူးလေ။ အင်းရတယ် ဆေးလေး နည်းနည်းသောက်လိုက်ရင် သက်သာလာမှာပေါ့နော်။ ဒါပေမယ့် မသက်သာဘူး။ ကိုယ်က ဆရာတို့ခိုင်းတဲ့အတိုင်း ငှက်ဖျားသွားစစ်ပေးလိုက်တဲ့ အချိန်မှာပေါ်တယ်။ သူတို့ ဆေးရုံဆေးခန်း မသွားချင်တဲ့သူတွေ/ သွားဖို့ပျင်းတဲ့သူတွေအတွက် အထောက်အကူရတာပေါ့။”

116639249 3332470776815243 1147820698581209707 o

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သူများဟာ တောတောင်များအတွင်း သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် များခြင်းကြောင့် ငှက်ဖျားရောဂါ မကြာခန ဖြစ်ပွားလေ့ရှိကြောင်း သူမကပြောပါတယ်။

နော်ရင်ကြည်ဟာ ရပ်ကွက်ကျေးရွာအတွင်း ဖျားနာလူနားများကို ငှက်ဖျားပိုးရှိမရှိ သွေးဖောက်စစ်ဆေးပေးပါတယ်။ ပြင်းထန်ဖျားနာလူနာများကို ဆေးရုံဆေးခန်းသို့ အချိန်မီ ညွှန်းပို့ ဆောင်ရွက်ပေးပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ အလှူရှင်များရဲ့ထောက်ပံ့မှုနဲ့ ငှက်ဖျားဝေဒနာရှင်များကို တိုင်းတာစစ်ဆေးပေးခြင်းအပြင်၊ ဆေးဝါးအခမဲ့ထောက်ပံ့ခြင်း၊ ဆေးရုံး/ဆေးခန်း တက်ရောက်ကုသရတဲ့ လူနာများကို ငွေကြေးထောက်ပံ့ကူညီခြင်း စတဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျှက်ရှိပါတယ်။

“အရင်ကတော့ ငှက်ဖျားဆေးက ကိုယ့်ဟာကိုယ် ဝယ်သောက်ရရင် ဈေးကြီးတယ်လေ။ အခုလိုမျိုး အခမဲ့ပေးတော့ သူတို့အတွက် အထောက်အကူရတယ်။ ကိုယ်ကိုယ်တိုင်အတွက်ကြတော့ ဒီလိုမျိုး စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခြင်းဟာ ကိုယ့်ရပ်ရွာရဲ့ အကျိုးကို သယ်ပိုးနိုင်လို့ ကိုယ့်ရပ်ရွာအတွက် ကိုယ်လုပ်ပေးနိုင်လို့ ပိတိဖြစ်မိတာပေါ့”

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ နော်ရင်ကြည်ကို ၂၀၁၅ ခုနှစ်ကတည်းက ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်သင်ကြားစေခဲ့ပြီး စေတနာ့ဝန်ထမ်းအဖြစ် လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်းပြီး ကျန်းမာရေးစီမံချက်များမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နော်ရင်ကြည်က ဆိုပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး စီမံချက် (Reaching Equitable Access to Health through Local-Empowerment Project (REAL)) ကို ကရင်ပြည်နယ်ရှိ လှိုင်ဘွဲ့၊ ဖာပွန်၊ မြဝတီ၊ သံတောင်ကြီး စသည့် မြို့နယ် (၄) ခုတွင် ဆောင်ရွက်လျှက်ရှိသည်။ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးအတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ငါးနှစ်အောက်ကလေးငယ်များကို အရေးပေါ် ထောက်ပံ့ခြင်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ၊ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ပေးခြင်း၊ သက်တူရွယ်တူ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတ မျှဝေရေး လုပ်ငန်းများ နှင့်ကျန်းမာရေး အသိပညာပေးဟောပြောမှုများ ပြုလုပ်ခြင်း စသည့် နယ်ပယ်စုံ၊နည်းလမ်းစုံဖြင့် ပံ့ပိုးကူညီလျက်ရှိသည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း