ရန်ကုန် (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက် ဝန်ထမ်း ဒေါက်တာ မေဖြူစင်ဦးနှင့် ကျန်းမာရေးမှူး ဦးထက်အောင်လင်း တို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်နှင့် အတွင်းရေးမှူး ဦးဇော်နိုင်တို့က နိုဝင်ဘာလ ၁၆ ရက်နေ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက် ဝန်ထမ်း ဒေါက်တာ မေဖြူစင်ဦးသည် COVID - 19 ရောဂါကုသရေးဌာန (ဒဂုံဆိပ်ကမ်း - ၂) တွင် စက်တင်ဘာလ (၂၉) ရက်မှ အောက်တိုဘာလ (၃၀) ရက်အထိ၊ ကျန်းမာရေးမှူး ဦးထက်အောင်လင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် နေပြည်တော် RRT အဖွဲ့နှင့် ပူးပေါင်းပါဝင်၍ ရန်ကုန်မြို့တွင် အောက်တိုဘာလ (၆) ရက်နေ့မှ နိုဝင်ဘာလ (၆) ရက်နေ့အထိ စေတနာ့ ဝန်ထမ်းအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။
Nov20 40 1Nov20 40 2

နိုင်ငံတော်အစိုးရ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ယခုအချိန်ထိ စေတနာ့ ဝန်ထမ်း စုစုပေါင်း (၂၈) ဦး စေလွှတ်ပေးခဲ့ပြီး ၎င်းတို့အတွက် စုစုပေါင်း ၄,၁၉၅,၀၀၀/ ကျပ် (လေးဆယ်တစ်သိန်း ကိုးသောင်း ငါးထောင် ကျပ်တိတိ) ထောက်ပံ့ချီးမြှင့်ခဲ့သည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတော်အစိုးရ COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသင်း၏ ရန်ပုံငွေများထဲမှ စုစုပေါင်း ၄၂,၅၁၂,၀၀၀/ ကျပ် ( လေးရာနှစ်ဆယ်ငါးသိန်း တစ်သောင်းနှစ်ထောင်ကျပ်တိတိ ) ကျခံ အသုံးပြုဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
 
ထို့အပြင် ကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများ၌လည်း နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။